ချယ်ဆီးမှာ မဟန်သေးပေမယ့် နိုင်ငံအသင်း ယူကရိန်းမှာတော့ လုံးဝ ဟီးရိုးကြီး ဖြစ်နေတဲ့ မူဒရစ်ခ်

ယူကရိန်း နာမည်ကျော် တိုက်စစ်ကစားသမား မူဒရစ်ခ်ဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲ Play off ဗိုလ်လုပွဲမှာ ခြေစွမ်းပြဂိုးသွင်းပြီး ယူကရိန်းအသင်းကို ခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးခဲ့ပါတယ်။

ယူရို-၂၀၂၄ ခြေစစ်ပွဲ Path B Play off ဗိုလ်လုပွဲအဖြစ် ယူကရိန်းအသင်းဟာ အိုက်စလန်နဲ့ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်း မိနစ် ၃၀ မှာ အိုက်စလန်တိုက်စစ်ကစားသမား ဂတ်မန်ဆင်က အဖွင့်ဂိုး သွင်းခဲ့လို့ ယူကရိန်းတို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ယူကရိန်းအတွက် မျှော်လင့်ချက်ရောင်ခြည် ချေပဂိုးကို တိုက်စစ်ကစားသမား ဆီဟန်ကော့ဗ်က သွင်းခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကို ၈၄ မိနစ်မှာ ဆူဒါကော့ဗ် ပေးတာကနေ မူဒရစ်ခ်က ဘယ်ဘက်ထောင့်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် ယူကရိန်းအသင်းဟာ ယူရိုပြိုင်ပွဲကို ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀ နဲ့ လာမဲ့ ၂၀၂၄ အထိ ၄ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့တာက မူဒရစ်ခ်ပါပဲ။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ မူဒရစ်ခ်ဟာ ဒီရာသီ ချယ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ရအောင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ပွဲ ၃၀ ကစား၊ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းအသင်းမှာတော့ မူဒရစ်က ခြေစွမ်းပြပြီးတော့ သူ့ရဲ့ဂိုးကြောင့် ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ယူကရိန်အသင်းရဲ့အောင်ပွဲအတွက် သမ္မတဖြစ်သူ ဇီလန်စကီးက လူမှုကွန်ယက်ကနေ အခုလို ချီးကျူး ရေးသားခဲ့ပါတယ်။

‘ကျေးဇူးတင်ပါတယ် . .ငါ့ညီတို့ရေ . .ယူကရိန်းအသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ယူကရိန်းသားတွေဆိုတာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတိုင်း ဘယ်တော့မှ လက်မြှောက်အရှုံးမပေးဘဲ အဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုတာ နောက်တစ်ကြိမ် သက်သေပြနိုင်ခဲ့ပါပြီ။

ဒီလို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေပဲ အောင်ပွဲကို ရယူနိုင်လေ့ရှိတာပါ’လို့ ဇီလန်စကီးက က ချီးကျူးခဲ့တာပါ။