ချယ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အတည်ပြုလာတဲ့ ကလပ်အသင်း ဒါရိုက်တာ

ဘရာဇီးလ် ကလပ် ဖလူမင်နိစ် ဒါရိုက်တာ တဦး ဖြစ်သူ ဖရက်ဒ်က သူတို့အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ ချယ်ဆီးရဲ့ နောက်ခံလူလည်း ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။

အသက် ၃၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဝါရင့် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားက ၂၀၂၀ခုနှစ်မှာ ပီအက်စ်ဂျီ ကနေ ချယ်ဆီးထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်နဲ့ ဥရောပ စူပါဖလား ၁ကြိမ်တို့ကို ဆွတ်ခူး ရရှိထားပါတယ်။

သီယာဂို ဆေးလ်ဗားက ချယ်ဆီးဆီ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ဆက်တိုက် ကစားခွင့် ရခဲ့ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း ချယ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။

သီယာဂို ဆေးလ်ဗားက အခုချိန်အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ချယ်ဆီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေသလို ချယ်ဆီးက အသက်အရွယ်ကြောင့် သီယာဂို ဆေးလ်ဗားကို စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် တချို့က သီယာဂို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆေးလ်ဗားရဲ့ အသင်းဟောင်း ဖလူမင်နိစ်ရဲ့ ဒါရိုက်တာ ဖရက်ဒ်ကတော့ သူတို့ကလည်း သီယာဂို ဆေးလ်ဗားကို အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးစားနေကြောင်း ဆိုလာပါတယ်။

ဖရက်ဒ်က – “သီယာဂို ဆေးလ်ဗားဟာ ကျွန်တော်တို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားပါ။ ဥက္ကဌကလည်း သူ့ကို အပတ်တိုင်းလိုလို ဆက်သွယ်ပြီး စကားပြောနေပါတယ်။ သီယာဂိုက ဖလူမင်နိစ်ရဲ့ တံခါးတွေဟာ သူ့အတွက် အမြဲတမ်း ပွင့်နေတယ် ဆိုတာကို သိပါတယ်။ ကျွန်တော်တို့က သူ့ကို ဖိအားတွေ မပေးချင်ပါဘူး။ ဒါပေမယ့် တနေ့ကျရင် သီယာဂိုက အသင်းဆီ ပြန်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။