မြန်မာပြည်ကားလောကတွင် အကြီးမားဆုံးလိမ်လည်မှုအဖြစ် ကျပ်ငွေ သိန်းသောင်းချီ လိမ်လည်မှု ဖြစ်ပွား

ရန်ကုန်တွင် ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှု အဖြစ် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ပါသည်။

လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ King Throne အမည်ရှိ မော်တော်ယာဉ်အငှားကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီက မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်ငှားရမ်းသူများထံမှ ငွေကြေးများ လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီမှ မော်တော်ယာဉ်ပိုင်ရှင်များကို ကားငှားရမ်းခ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ စတင်ကာ ကျပ်သိန်းဆယ်နှင့်ချီပေးကာ ကားငှားရမ်းခဲ့ပြီး ကားငှားရမ်းလိုသူများထံမှ စပေါ်ငွေအဖြစ် တစ်စီးလျှင် ကျပ်သိန်း ၁၀၀ အနည်းဆုံးရယူကာ တစ်လလျှင် ကျပ်သိန်းဆယ်နှင့်ချီ ငှားရမ်းခယူခဲ့သည်။

လိမ်လည်ခံရသည့် မော်တော်ယာဉ်ပိုင်ရှင်မှာ ရာဂဏန်းကျော်ခန့်ရှိပြီး မော်တော်ယာဉ်အစင်းရေမှာ ၃၀၀ နီးပါးရှိသည်ဟု မော်တော်ယာဉ်လောကမှ သိရသည်။ သို့သော် အရေအတွက် အတိအကျ သိရခြင်း မရှိသေးပါ။

King’s Throne ကုမ္ပဏီပိုင်ရှင် ဦးသက်အောင်သည် ကားအစီးရေ ၁၀၀ ခန့်မှ ကားတစ်စီးလျှင် စပေါ်ငွေ ကျပ်သိန်း ၁၀၀ ခန့်ရယူထားသည့်အတွက် ကျပ်သိန်း သုံးသောင်းခန့်အထိ လိမ်လည်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

သို့သော် အဆိုပါ သတင်းရင်းမြစ်ကမူ ကျပ်သိန်း သုံးသောင်းခန့်အထိ မဖြစ်နိုင်သော်လည်း အနည်းဆုံး ကျပ်သိန်းသောင်းနှင့်ချီရှိနိုင်သည်ဟု မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ မော်တော်ယာဉ်ပိုင်ရှင်အချို့မှာ ကားငှားရမ်းခ မရရှိသည့်အပြင် မော်တော်ယာဉ်ကိုလည်း ပြန်လည်မရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ကုမ္ပဏီရုံးခန်းနေရာသို့ သွားရောက်ကြည့်ရှုရာမှ ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ခဲ့ရပြီး အဆက်အသွယ်မရရှိခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့ထံမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ အဆိုပါကုမ္ပဏီရုံးခန်းရှိရာ ပထမအထပ်သို့ သွားရောက်စုံစမ်းရာတွင် ကုမ္ပဏီဆိုင်းဘုတ်သာတွေ့ရှိရပြီး ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ်ပိုင်ရှင်အချို့က ဗိုလ်တထောင်ရဲစခန်းတွင် တိုင်တန်းထားကြောင်း သိရသည်။