အမေရိကန်မှာ တရားစွဲခံနေရတဲ့ နာမည်ကျော် Apple ကုမ္ပဏီ

အမေရိကန်တရားရေးရာဌာနနဲ့ အတူ ပြည်နယ် ၁၅ ခုတို့ဟာ Apple ကုမ္ပဏီကို စမတ်ဖုန်းဈေးကွက် လက်ဝါးကြီးအုပ်စိုးမိုးခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဈေးကွက်မျှတစွာ ယှဥ်ပြိုင်ရေးဆိုင်ရာ တရားဥပဒေစွဲဆိုချက်တစ်ခုဖြင့် မတ်လ ၂၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ပ် လက်ထက်နဲ့ ဂျိုးဘိုင်ဒင် လက်ထက်မှာ ဒီလို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲဆိုခံရတာ Apple တခုတည်းတော့ မဟုတ်ဘဲ Google ရဲ့ Alphabet, Facebook ရဲ့ Meta, Amazon စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

“ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်တာကြောင့် သုံးစွဲသူတွေက စျေးကြီးပေးနေရတာ မဖြစ်သင့်ပါဘူး။ ဒီအတိုင်း မပြောင်းမလဲ သွားမယ်ဆိုရင် Apple က စမတ်ဖုန်းစျေးကွက်ကို လက်ဝါးကြီးအုပ်မှု ပိုအားကောင်းလာပါလိမ့်မယ်” လို့ ရှေ့နေချုပ် မာရစ်ဂါလန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Apple ဟာ အိုင်ဖုန်းတလုံးကို ၁,၅၉၉ ဒေါ်လာအထိ ယူနေပြီး ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ဘယ်ကုမ္ပဏီထက်မဆို အကျိုးအမြတ် အများကြီး ပိုရနေတယ်လို့ တရားရေးဌာနက သုံးသပ်ပါတယ်။

တရားရေးဌာနကတော့ Apple ရဲ့ အလုံးစုံချုပ်ကိုင်တဲ့ ပုံစံကို ပြင်စေချင်ပြီး Apple ဒီဇိုင်းဆွဲတဲ့ Hardware တွေပေါ်မှာ အက်ပလီကေးရှင်းတွေကို သုံးသူတွေ စိတ်ကြိုက်နေရာက ရယူသုံးစွဲခွင့်ပြုတာမျိုး လွတ်လပ်ခွင့်ပေးဖို့ လိုလားနေပါတယ်။

တရားရေးဌာနက စမတ်ဖုန်းဈေးကွက် လွတ်လပ်မျှတမှုရရှိရေး၊ သုံးစွဲသူများအတွက် ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းများ ယှဥ်ပြိုင်ထုတ်လုပ်ရေး၊ ဆော့ဖ်ဝဲဖန်တီးသူများအတွက် အခကြေးငွေလျှော့ချရေး၊ အနာဂတ်အတွက် ဆန်းသစ်တီထွင်မှု ထိန်းသိမ်းရေးတို့ကို အလိုရှိနေတာပါ။

Apple ကတော့ အစိုးရရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုသွားပြီး Hardware နဲ့ Software ပေါင်းစပ်ဝန်ဆောင်မှု ပေးမှသာ ပြည်သူတွေက Apple ဆီက မျှော်လင့်ထားတဲ့ နည်းပညာမျိုး ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။