ဂျာစီ ရင်ဘတ် စပွန်ဆာ မရှိသေးလို့ ဈေးလျှော့ပြီး စပွန်ဆာသစ် ရှာနေတဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီသစ်မတိုင်ခင် စပွန်ဆာ စာချုပ် ချုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေပြီး အတော်လေး လျှော့ချထားတဲ့ ရှပ် စပွန်ဆာကြေးကို လက်ခံသွားဖို့ ဆန္ဒရှိနေပါတယ်။

ချယ်ဆီးဟာ ရာသီသစ်မတိုင်ခင် စပွန်ဆာရှာဖို့အတွက် အေဂျင်စီတစ်ခုကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းရဲ့ နာမည်ကြီး ဂျာစီ ရင်ဘတ်ပေါ်မှာ ပေါင် ၂၅ သန်းနဲ့ စပွန်ဆာတံဆိပ် ရိုက်နှိပ်ခွင့်ကို စီးပွားရေးလုပ်ငန်းတွေထံ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ယခင်က Three နဲ့ စပွန်ဆာစာချုပ်က ပေါင် သန်း၄၀ တန်ခဲ့တာကြောင့် အခုကမ်းလှမ်းထားတဲ့ ပမာဏဟာ အတော်လေး လျှော့ပေးထားတာဖြစ်ပြီး တခြားသော ထိပ်သီးကလပ်တွေရနေတဲ့ စပွန်ဆာကြေးနဲ့လဲ အတော်လေး ကွာဟနေတာဖြစ်ပါတယ်။

ယခင် သဘောတူညီမှုနှစ်ခု ပျက်ဆီးသွားခဲ့တဲ့နောက် ချယ်ဆီးဟာ ဂျာစီ ရင်ဘတ် အရှေ့မျက်နှာစာမှာ စပွန်ဆာ လိုဂိုမပါတဲ့ ဂျာစီသစ်ကို တနင်္လာနေ့မှာ ထုတ်ခဲ့ရပါတယ်။

ချယ်ဆီးရဲ့ ၉၀ခုနှစ်တွေကို မှီငြမ်းထားတဲ့ ဂျာစီအသစ်ဟာ စပွန်ဆာအနည်းငယ်သာ ပါတာကြောင့် အာရုံစိုက်မှုအများကြီး ရခဲ့ပါတယ်။

လိုဂိုတွေ မပါဝင်တာက ရှုပ်ရှုပ်ယှက်ယှက်မဖြစ်တဲ့ ဆွဲဆောင်မှုနဲ့အတူ ဒီရာသီရဲ့ အကောင်းဆုံးဂျာစီလို့ တချို့ကတော့ ပြောကြပါတယ်။ ဒါပေမယ့် စီးပွားရေး အရ ကာမိအောင် ချယ်ဆီးကတော့ စပွန်ဆာသစ် ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။