ဆရာလာလုပ်တဲ့ ဘောလုံးပရိသတ်ကို မင်းရဲ့ ဘလွန်းဒီအောကောလို့ မေးခွန်းထုတ်လိုက်တဲ့ မူဒရစ်

ဇန်နဝါရီမှာ ရှက်တာဒိုးနက်ကနေ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ရောက်လာခဲ့တဲ့ တိုက်စစ်သမား မူဒရစ်ဟာ သူ့ရဲ့တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပါဘူး။

ယူကရိန်းတိုက်စစ်သမားအပေါ် ပေးရတဲ့ ပမာဏကြောင့် သူ့အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားနေကြတာဖြစ်ပါတယ်။ ချယ်ဆီးကို ကိုယ်စားပြုပြီး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ မူဒရစ်ဟာ ကိုယ်တိုင် သွင်းဂိုး မရသေးဘဲ ဂိုးထောက်ပံ့မှု ၂ ကြိမ်ပဲ လုပ်ထားနိုင်ပါတယ်။

သူ့ရဲ့ အင်စတာဂရမ်ပိုစ့်အောက်မှာ ချယ်ဆီးပရိသတ် တစ်ဦးက “ ဘရို မင်း ဘောလုံးနဲ့အတူ ၃၆၀ ဒီဂရီ လှည့်ထွက်ဖို့ ကြိုးစားကြည့်ဦး၊ အဲ့တာက မင်းကို ဘောလုံးလမ်းကြောင်း ချိန်းဖို့အတွက် အကူအညီပေးလိမ့်မယ်၊ မင်းဘယ်ကို လှည့်ထွက်မယ်ဆိုတာ ခန့်မှန်းလို့ မရဖြစ်စေမှာ။

ဘောလုံးကိုင်ပြီး တစ်နေရာတည်း တည့်တည့် ဆွဲပြေးနေတာက မလုံလောက်ဘူးလေ။ မင်းဘယ်လိုကစားရမယ် လမ်းကြောင်းပြပေးတာပါ ” လို့ ဝင်ရောက် ရေးသားခဲ့တာပါ။

အဆိုပါမန့်ကို မူဒရစ်ကပဲ “ အဲ့လောက်သိနေတာများ မင်းဘာလို့ ဘလွန်းဒီအော အခုထိ မရသေးတာလဲ?” လို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။

ချယ်ဆီးပရိသတ်တွေကတော့ မူဒရစ်ရဲ့ တုန့်ပြန်မှုကို သဘောကျခဲ့ပါတယ်။ ပရို ကစားသမား တစ်ယောက်ကို ဘယ်နည်း ဘယ်ပုံ ကစားရမယ်ဆိုပြီး လမ်းညွှန်းနေရအောင် ဘောလုံးအကြောင်း ဘယ်လောက်တောင် နောကျေနေသလဲ ရထားတဲ့ ဆုလည်း ပြကြည့်ဦးလို့ ဝင်ရောက် မှတ်ချက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။