အဝယ် များဖို့ ရှိနေသလို အရောင်းလည်း ကြမ်းဦးမယ့် ချယ်ဆီးရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ ဒီအပတ်မှာပဲ ဆေးစစ်ဖို့ရာအတွက် အီတလီကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အေစီမီလန်မှာ ၂၀၂၇ ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်ကို ပူလီဆစ် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်သမားတွေဖြစ်တဲ့ ဇီယက်ချ်နဲ့ အူဘာမီယန်တို့ဟာ ဆော်ဒီဘက်ကို ပြောင်းရွှေ့သွားဖို့ စီစဉ်နေကြပါပြီ။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူလိုနေကာ မန်ယူနိုက်တက် ပစ်မှတ်ဖြစ်တဲ့ ဟို့ဂျ်လန်းကို ဝင်ရောက် ချိတ်ဆက်လိုနေပါတယ်။

အာဆင်နယ်၊ လီဗာပူးတို့က စိတ်ဝင်စားနေမှုကြောင့် လာဗီယာနဲ့ ဝေါ့ပရောက်စ်တို့ကို လက်လွတ်ရဖွယ်ရှိနေတဲ့ ဆောက်သမ်တန်ဟာ မန်စီးတီး လူငယ်ကြယ်ပွင့် ချာလီကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ကျန် စျေးကွက်အတွင်း ချယ်ဆီးအသင်းထံက ပိုများတဲ့ ရောင်းချမှုတွေ ရှိလာဦးမယ်လို့ ရိုမန်နိုက အသိပေးလာပါတယ်။ လူကာကူဟာ ဒီနွေမှာ ချယ်ဆီးတို့ ရောင်းချသွားမယ့် အသင်းသားတွေထဲက တစ်ဦးဖြစ်ပါတယ်။

မောင့်ပယ်လီရာ တိုက်စစ်မှူး ဝါဟီနဲ့ ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ်တို့ကို ခေါ်ယူရေး ချယ်ဆီးဘက်က ပစ်မှတ်ထားလာနေပါတယ်။ တိုက်စစ်မှုး ဝါဟီကို အာဆင်နယ်ကလည်း စိတ်ဝင်စားနေပါတယ်။

ယူရို သန်း ၈၀ တန် ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ် ကို ခေါ်ဖို့လည်း ချယ်ဆီးက ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲ အပြီးသတ်ခဲ့ပြီမို့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါဟာ သူ့ရဲ့ အနာဂတ်ကို လာမယ့် သီတင်းပတ်တွေမှာ ဆုံးဖြတ်ပေးသွားတော့မှာပါ။ ဗီဂါက ချယ်ဆီး နည်းပြ ပိုချက်တီနိုက အလိုချင်ဆုံး ရှိနေပြီး လီဗာပူးကလည်း ချိတ်ဆက်နေပါတယ်။