ချယ်ဆီးနဲ့ ကိုင်ဆီဒိုကြား အပြောင်းအရွှေ့ ကိစ္စ ထူးခြားမှု အခြေအနေ

ဘရိုက်တန် အသင်းဟာ မွိုက်စ် ကိုင်စီဒိုအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးထိ တောင်းဆိုလိုပေမယ့် ချယ်ဆီး အသင်းကတော့ ထိုတန်ကြေး အထိ တိုးပေးလိုခြင်း မရှိ ဖြစ်နေပါတယ်။

ကန်တေ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိခ်တို့ ထွက်ခွာပြီး ဖြစ်တာကြောင့် နည်းပြသစ် ပိုချက်တီနိုက ချယ်ဆီး ကွင်းလယ် ကို အားဖြည့်ချင်နေပါတယ်။

ကိုင်စီဒိုဟာ ချယ်ဆီးရဲ့ ဦးစားပေး ကွင်းလယ် ပစ်မှတ် တစ်ဦး ဖြစ်ပြီး အီကွေဒေါသား အတွက် ဘရိုက်တန်နဲ့ နှစ်သင်း တိုက်ရိုက် ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတာပါ။ ဒါပေမယ့် နှစ်သင်းကြား ဆွေးနွေးမှုက ဒီတပတ်ထဲမှာ အခြေမဟန်ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ထုတ်လာပါတယ်။

ဘရိုက်တန်ဟာ ကိုင်စီဒိုကို ရောင်းချရာမှာ ရိုက်စ် အတွက် အာဆင်နယ် ပေးခဲ့တဲ့ ပမာဏ နီးပါးကို ရချင်နေခဲ့တာပါ။ ချယ်ဆီးဘက်ကတော့ ပေါင် သန်း ၈ဝ နဲ့ ကမ်းလှမ်းရင် ဘရိုက်တန်ဆီက လက်ခံသဘောတူညီမှု ရမယ် မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနွေ အစောပိုင်းမှာ ချယ်ဆီးက ကိုင်စီဒို အတွက် ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့သေးပြီး ပယ်ချခံခဲ့ရပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကိုင်စီဒို အတွက် အာဆင်နယ်ရဲ့ ပေါင် သန်း ၇၀ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချခဲ့ပါသေးတယ်။

ချယ်ဆီးကတော့ ကိုင်စီဒို အတွက် ဘရိုက်တန် အလိုရှိတဲ့ ပေါင် သန်း ၁ဝဝ ထိ တိုးပေးလိုခြင်း မရှိတာကြောင့် အခြား ပစ်မှတ်တွေဘက် လှည့်သွားဖွယ် ရှိနေပါတယ်။ ချယ်ဆီးအသင်းဟာ ဆယ်တာဗီဂို အသင်းမှ ဂါဘရီ ဗီဂါကို ခေါ်ယူရေး ဒီတပတ်ထဲမှာ ဆွေးနွေးဖို့ ရှိနေကြောင်း သိရပါတယ်။