ချယ်ဆီးပရိသတ်တွေနဲ့ သံဃောဇဉ် ပြတ်တောက်သွားခဲ့ပြီဖြစ်တဲ့ မေဆန်မောင့်

မန်ချက်စတာ ယူနိုက်တက်ဘက်က အိုးထရတ်ဖိုဒ့်ကွင်းမှာ မေဆန်မောင့်တို့ သားအဖ ရောက်ရှိလာတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ရာက တစ်ဆင့် များစွာသော ချယ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

မောင့်တို့သားအဖက အိုးထရတ်ဖိုဒ့် အဝတ်လဲခန်းကို ကြည့်ပြီး “အိမ်” လို့ တင်စားခဲ့သလို “သိပ်ကောင်းတဲ့ နေရာ” လို့လည်း ညွှန်းဆိုခဲ့ကြတာပါ။ အင်္ဂလန် လက်ရွေးစင်ဟာ ဒီနွေမှာ ချယ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပေါင် သန်း ၆၀ တန် အပြောင်းအရွှေ့နဲ့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် ကွင်းလယ်လူဟာ ပြည်တွင်းပြိုင်ဘက်ထံ ပြောင်းခဲ့တာမို့ အနာဂတ်မှာ အသင်းဟောင်းပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေခဲ့ပြီး အခုကတော့ ကိစ္စတွေ မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာခဲ့ပါတယ်။

မောင့်နဲ့ သူ့ရဲ့ဖခင်တို့ဟာ အိုထရတ်ဖိုဒ့်ကွင်းထဲက အဝတ်လဲခန်းထဲ ထိုင်နေခဲ့စဉ် မောင့် ငယ်ငယ်လေးတုန်းက ဒီကွင်းထဲကို ခေါ်ယူလာခဲ့ဖူးကြောင်းကို ဖခင်ဖြစ်သူက ပြန်ပြောင်း ပြောပြနေတာပါ။

“မေဆန် ဒီအဝတ်လဲခန်းကို ကြည့်ပါဦးကွာ။ ဒါက အိမ်ပဲကွ အိမ်ပါပဲ။ မင်းငယ်ငယ်တုန်းက ဒီကို ခေါ်လာခဲ့သေးတာလေ ” လို့ မောင့်ရဲ့ ဖခင်က ပြောခဲ့စဉ် မောင့်ကိုယ်တိုင်က ” ကျနော် သိပါတယ်။ တကယ့် စပယ်ရှယ်ပဲ မဟုတ်လား ” လို့ တုန့်ပြန်ခဲ့ပါတယ်။

များစွာသော ချယ်ဆီးပရိသတ်တွေကတော့ မောင့်ဟာ ကော်တွိုက်စ်နည်းတူပဲ အသင်းရဲ့ သစ္စာဖောက်ပဲ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။