လီဗာပူး အရမ်း လိုချင်နေတဲ့ ကစားသမားက ရောင်းရန် မဟုတ်ဘူးလို့ ချယ်ဆီး တုန့်ပြန်

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကစားသမားပေါင်း များစွာကို ရောင်းချပေးနေပေမယ့် လီဗာပူးပစ်မှတ်ထားနေတဲ့ ကြယ်ပွင့်ကိုတော့ ရောင်းရန် မဟုတ်ကြောင်း တံဆိပ်ကပ်လိုက်ပါတယ်။

ကူလီဘာလေ၊ မန်ဒီနဲ့ ကန်တေတို့ကို ဆော်ဒီ ပရိုလိဂ်တွေထံ ထွက်ခွာပေးခဲ့တဲ့ ချယ်ဆီးဟာ ကွင်းလယ်လူ ကိုဗာဆစ်ကို မန်စီးတီးထံ ပေါင် သန်း ၃၀ ဖြင့် ရောင်းထုတ်ထားပြီး ကိုင်ဟာဗက်ကိုလည်း အာဆင်နယ်ထံ ပေါင် ၆၅ သန်းဖြင့် ရောင်းချထားပါတယ်။

ချယ်ဆီးဘက်က မောင့်ကို ပေါင် သန်း ၆၀ ဖြင့် မန်ချက်စတာ ယူနိုက်တက်ထံ ထွက်ခွင့်ပေးထားခဲ့သလို မကြာခင်မှာ လော့တပ်ချိစ်၊ ပူလီဆစ်နဲ့ လူကာကူတို့ကိုပါ ရောင်းထုတ်သွားဦးမှာပါ။

ဒါပေမယ့်လို့ ခံစစ်မှူး လီဗီကိုးဝယ်အတွက် လီဗာပူးဘက်က ချဉ်းကပ်မှုကို နားထောင်ပေးဖို့ ငြင်းဆန်ပြီး ရောင်းရန် မဟုတ်ကြောင်း တုန့်ပြန်ထားတာပါ။ ဘရိုက်တန်ကလည်း မနှစ်က သူတို့ အငှားခေါ်ယူခဲ့တဲ့ အင်္ဂလန်ခံစစ်သမားကို အပြီးသတ် ရနိုင်ဖို့ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းပေမယ့် ပယ်ချခံထားရပါတယ်။

ဒီနွေမှာ ခံစစ်မှူးသစ် ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ အသက် ၂၀ အရွယ် လီဗီ ကိုးဝယ်ကို အတော်လေး သဘောကျနေတာပါ။ ချယ်ဆီးဘက်က စဉ်းစားပေးမယ့် အရိပ်အယောင် နည်းနည်းလေး ပြသရင်ကို လီဗာပူးဘက်က ကိုးဝယ်အတွက် ကမ်းလှမ်းမှု ဝင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ချယ်ဆီးဘက်ကလည်း နည်းပြပိုချက်တီနိုရဲ့ အသင်းအတွက် ကိုးဝယ်ဟာ အရေးပါသူလို့ ယုံကြည်ထားတာနဲ့အတူ အင်္ဂလန် ခံစစ်သမားကိုတော့ ဆက်လက် ထိန်းသိမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။