ချယ်ဆီးတော့ နောင်တတွေ ရနေတော့မှာလို့ မှတ်ချက်ပေးလာတဲ့ ဖာဒီနန်

သရဲနီဟောင်း ရီယို ဖာဒီနန်က မေဆန်မောင့်ကို ယူနိုက်တက်ထံ ပြောင်းခွင့်ပေးတာအတွက် ချယ်ဆီးတို့ နောင်တရချိန် ရောက်လာပါလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

အင်္ဂလန်ကွင်းလယ်ဟာ ပေါင် သန်း ၆၀ တန်ကြေးရှိ စာချုပ်နဲ့အတူ ယူနိုက်တက်ကို ပြောင်းခဲ့ပြီဖြစ်ကာ ကျောနံပါတ် ၇ ကို ဝတ်ဆင်မှာပါ။ သူဟာ ချယ်ဆီးရဲ့ တစ်ပတ် ပေါင် ၂ သိန်းနဲ့ ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို ငြင်းဆန်ခဲ့ပြီး ယူနိုက်တက်မှာ တစ်ပတ် ပေါင် ၂၅၀၀၀၀ ရမယ့် စာချုပ်ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကွင်းလယ်ကနေ ပေါက်ကွဲအားပြင်းပြင်း ကစားနိုင်စွမ်းဟာ နည်းပြတန်ဟက်ရဲ့ ကစားကွက်ကို ပိုမို ပြည့်စုံစေမယ်လို့ ယူနိုက်တက်ဘက်က ယုံကြည်နေပါတယ်။

ဖာဒီနန်ကလည်း ‘ မောင့်ရောက်လာတာအတွက် အရမ်းကို ကျေနပ်မိပါတယ်။ ငယ်ရွယ်တယ်၊ အရည်အချင်းရှိတယ်၊ ဆာလောင်စိတ် ပြင်းထန်တယ်။ ယူနိုက်တက်အတွက် ကစားပေးဖို့ ရောက်လာခဲ့တဲ့ သူဟာ ပွဲကြီးတွေမှာ ဖိအားတွေနဲ့ ကစားဖို့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

ကစားသမားတစ်ယောက် အနေနဲ့ သူက ကျနော်တို့အတွက် သွင်းဂိုး၊ ဖန်တီးမှုနဲ့ လှုပ်အားတွေအပြင် ပြိုင်ဘက် ဧရိယာအတွင်း ပြေးလွှား ဝင်ရောက်မှုတွေ လုပ်ပေးနိုင်ပါတယ်။ မောင့်က ကျနော်တို့ လူစာရင်းမှာ လိုအပ်နေတဲ့ ကစားသမား၊ ကွင်းလယ်မှာ အခြားသူတွေနဲ့ မတူညီတဲ့ အရည်အချင်းတွေရှိသူ ဖြစ်ပါတယ်။

မောင့်ကို ရောင်းထုတ်လိုက်တာအတွက် ချယ်ဆီးတော့ နောင်တရနေမှာပါ။ ကျနော်တို့ကတော့ နံပါတ် ၉ သမားအတွက် ဆက်ပြီး အာရုံစိုက်ပါတော့မယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။