ချယ်ဆီး ဘာမှားနေလဲ ပိုချက်တီနို ဘာတွေ ကွိုင်တက်သွားမလဲ သရဲနီဟောင်း သတိပေး

လက်ရှိ ချယ်ဆီးအသင်းနဲ့ ပတ်သတ်ပြီး နည်းပြသစ် ပိုချက်တီနို အား ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ထောက်ပြ သတိပေးမှုတွေ ပြုလုပ်လာပါတယ်။

ပိုချက်တီနိုဟာ လာမယ့် အပတ်မှာ ချယ်ဆီးအသင်းကို တရားဝင် စတင် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ စပါးနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ ရာသီ အဆင့် ၁၂ နဲ့ ရာသီသိမ်းခဲ့တဲ့ အသင်းကို ယခင် အောင်မြင်မှုတွေဆီ ပြန် ခေါ်ဆောင် ပေးဖို့ ကြိုးစားရမှာပါ။

ပိုချက်တီနို တရားဝင် ရောက်မလာခင် ချယ်ဆီးအသင်းက နွေဈေးကွက်မှာ အလုပ်ရှုပ်နေပြီ ဖြစ်ပြီး ယခင်တည်းက ကြို သဘောတူညီမှု ရထားတဲ့ နာမည်ကြီး ခေါ်ယူမှု အဖြစ် အန်ကွန်ကူ ကို မိတ်ဆက် ကြေညာထားခဲ့ပါတယ်။

အသင်းကို သွေးသစ်လောင်း လူသစ်တွေနဲ့ ဖွဲ့ချင်နေတဲ့ ချယ်ဆီး ဘုတ်အဖွဲ့က ကိုင်ဟာဗက်ဇ်၊ ကိုဗာဆစ်၊ ကန်တေ၊ ကူလီဘာလေနဲ့ မန်ဒီ တို့ကို ထွက်ခွာခွင့်ပြု ရောင်းချထားပြီးပါပြီ။

ဖာဒီနန်ကတော့ ဒီနွေမှာ ထွက်ခွာသွားတဲ့ ကစားသမားတွေကြောင့် ချယ်ဆီးအသင်းဟာ လူစာရင်းပိုင်း ဟန်ချက်မညီဘဲ ကျန်နေရစ်မယ်လို့ သတိပေးလာပါတယ်။

” ချယ်ဆီး ကွင်းလယ်ကို ကြည့်ဦးဗျာ၊ ပြီးခဲ့တဲ့ စျေးကွက်က အာဆင်နယ်ကို ဂျော်ဂျင်ဟို ထွက်သွားတယ်။ ဒီစျေးကွက်မှာတော့ ကန်တေနဲ့ ကိုဗာဆစ်။ နောက်ပြီး မောင့်နဲ့ လော့ဖ်တပ်ချိခ်တို့လည်း ချယ်ဆီးကနေ ထွက်တော့မှာ။

ဒါဆို သူတို့အသင်းကနေ ကွင်းလယ် ကစားသမား ၅ ယောက် ထွက်တာနော်။ အဲဒီထဲက ၂ယောက် ၃ ယောက်က ပွဲထွက် ကစားတဲ့သူတွေ၊ အခု ချယ်ဆီးမှာ ကွင်းလယ်လူ မရှိတော့ဘူး။

တောင်ပံတိုက်စစ် နေရာတွေမှာတော့ သူတို့ ကစားသမားက ၈ယောက် ၉ယောက်လောက် ရှိတယ်။ ဒီအသင်းက ဟန်ချက် မညီဘူးလေ။ ကွင်းလယ် ကစားသမားတွေ အသည်းအသန် ရှာရတော့မယ်။ သန်း ၁ဝဝ ကုန်ခံ ခေါ်ထားတဲ့ အန်ဇိုနဲ့ တွဲ ကစားဖို့ ဘယ်သူတွေကို ခေါ်မလဲ စိတ်ဝင်စားစရာပဲဗျာ။ “လို့ ဖာဒီနန်က ထောက်ပြ သုံးသပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၁၂လ အတွင်း ချယ်ဆီး ဇွတ်ဝယ်ခဲ့တာတွေနဲ့ ပတ်သတ်ပြီးလည်း ဖာဒီနန်က ဝေဖန်ခဲ့သေးပြီး အနာဂတ်မှ သုံးဖို့ ကြိုဝယ်ထားတာလားလို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။