ကျိန်စာသင့်နေတဲ့ Three နေရာ အစားထိုးဖို့ စပွန်ဆာအဖွဲ့သစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းက ပေါင် ၂ ဘီလျံ အကုန်အကျခံမယ့် ကွင်းသစ်ကြီးကို တည်ဆောက်ဖို့ လျာထားကာ အဆိုပါကွင်းကို နာမည်စပွန်ဆာပေးဖို့ အဖွဲ့ကြီးက စောင့်ဆိုင်းနေပါတယ်။

အာမခံကုမ္ပဏီ Allianz ဟာ သူတို့ မိသားစုဝင် ဘောလုံးကွင်းတွေထဲက တစ်ကွင်းအဖြစ် ချယ်ဆီးကွင်းကိုပါ ထည့်သွင်းဖို့ ဆန္ဒ ရှိတာပါ။ အဆိုပါ အာမခံအဖွဲ့ဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အိမ်ကွင်း Allianz Arena ကို စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။

ဂျူဗင်တပ် အိမ်ကွင်းကိုလည်း စပွန်ဆာပေးထားတဲ့ Allianz က လာမယ့်ရာသီကစလို့ ချယ်ဆီးအသင်းကို ဂျာစီ ရင်ဘတ် စပွန်ဆာအဖြစ် တာဝန်ယူဖို့လည်း စကားပြောဆိုနေတယ်။ Three နဲ့ လက်တွဲမှုဟာ ချယ်ဆီးရဲ့ ရလဒ်တွေအတွက်ပါ လှောင်ပြောင်ခံခဲ့ရသလို မကြာခင်မှာ လမ်းခွဲမှု ဖြစ်လာတော့မှာပါ။

စပွန်ဆာအသစ် ဖြစ်လာမယ့် Allianz ဘက်က စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းကို ပြန်တည်ဆောက်ချိန် စပွန်ဆာပေးရာမှာ ပွဲကြည့်စင် တစ်ခုချင်းလား၊ ကွင်းတစ်ခုလုံးကိုလား ဒါမှမဟုတ် ကွင်းသစ်ကိုမှလား ဆိုတာတွေကတော့ သေချာ မသိရသေးပါဘူး။

တော့ဘိုလီ လက်အောက်မှာ ချယ်ဆီးဟာ အပြောင်းအလဲတွေ စတင်နေဆဲဖြစ်ပြီး Allianz နဲ့ ကွင်းနာမည်ကိစ္စ သဘောတူညီမှု ရခဲ့ရင်တော့ မန်စီးတီး၊ အာဆင်နယ်တို့လို အိမ်ကွင်းနာမည် ရောင်းချမှုကနေ အကျိုးအမြတ်ကြီးရမယ့် ကလပ် ဖြစ်လာဖို့ ရှိပါတယ်။

လက်ရှိ ကြီး ၆ ကြီး ကလပ်တွေထဲမှာ အသေးဆုံး အိမ်ကွင်းကိုပဲ ပိုင်ဆိုင်ထားတဲ့ ချယ်ဆီးရဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းဟာ ပရိသတ် ၄၀၀၀၀ ကျော် ဝင်ဆံ့ပါတယ်။ ကွင်းသစ်ကိုတော့ ပရိသတ် ၆၀၀၀၀ ဝန်းကျင်အတွက် တည်ဆောက်ဖို့ လျာထားတာ ဖြစ်ပါတယ်။