လီဗာပူးကို မပြောင်းဖို့ သူကစားသမားကို တားဆီးခဲ့တဲ့ ဒိန်းမတ်ကြယ်ပွင့်ရဲ့ အေးဂျင့်

ဒီဘက်နှစ်တွေမှာ လူငယ်ကြယ်ပွင့်တွေကို နေရာပေးခြင်း အားနည်းလာတဲ့ လီဗာပူးရဲ့ အနေအထားကို အချို့သော ကြယ်ပွင့်တွေက သတိထားမိလာခဲ့ဟန် ရှိပါတယ်။

လီဗာပူးက ပွဲထွက် လူစာရင်းကို စိန်ခေါ်နိုင်မယ့် ဒီယက်စ်၊ ဒါဝင်၊ ဂက်ပိုလို ကစားသမားတွေကို စျေးကြီးပေး ခေါ်ယူလာခဲ့ပြီး ဒီဘက် အပြောင်းအရွှေ့တွေ အတွင်း အသင်းခေါ်ယူထားတဲ့ လူငယ်အချို့က အလုပ် မဖြစ်ထားခဲ့ပါဘူး။ ကာဗာရိုဟာလည်း ဒီနွေမှာ လိုက်ဇစ်ကို အငှားထွက်တော့မှာ ဖြစ်ပါတယ်။

အီတလီကလပ် လီချီအသင်းမှာ ကစားနေတဲ့ ဒိန်းမတ် ဆယ်ကျော်သက်လေး Patrick Dorgu ကို လီဗာပူးဘက်က ခေါ်ယူဖို့ ကြိုးစားပေမယ့်လို့ ကစားသမားအတွက် အကောင်းဆုံးဖြစ်ဖို့ အပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့ကြောင်းကို အေးဂျင့်က ထုတ်ပြောလာပါတယ်။

အေးဂျင့် Ogbodo က ပြောရာမှာ “ လီဗာပူးက Dorgu ကို လိုချင်ခဲ့ပါတယ်။ သူတို့ဘက်က အချိန်ယူ စောင့်ကြည့်တာတွေတောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကို ပြောင်းရင် ယူ-၂၃ အသင်းမှာပဲ ကစားရမှာပါ။

အဲ့တာက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါဘူး။ ဒီကြောင့် လီဗာပူးကို မပြောင်းဖို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။ သူတို့ဘက်က ပြောင်းရွှေ့ကြေး အများကြီး ပေးရင်တောင်မှပဲ အဲ့တာက မှန်ကန်တဲ့ ပြောင်းရွှေ့မှုလို့ ကျနော်တို့ မထင်ဘူး။ ကျနော်တို့က ကစားသမား တိုးတက်လာဖို့ ပွဲကစားချိန် လိုချင်ပါတယ်။

သူ့ကို လိုချင်တာ လီဗာပူး တစ်သင်းတည်းသော မဟုတ်ဘူးပေါ့လေ။ အင်္ဂလန် ကလပ် အချို့က Dorgu ကို စောင့်ကြည့်နေပါတယ် ” လို့ ဖြစ်ပါတယ်။

ဒိန်းမတ် လူငယ်ကစားသမားဟာ အီတလီ လူငယ်တန်းမှာပဲ ခြေစွမ်းပြသနေသူ ဖြစ်ပြီး စီနီယာအသင်းမှာ နေရာရဖို့ ကြိုးစားနေဆဲဖြစ်ကာ လီဗာပူးဘက်က ခေါ်ယူရင်တောင် ယူ-၂၃ အသင်းအတွက်ပဲ ရည်ရွယ်တာမျိုး ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။