ချယ်ဆီးတို့ လူရောင်းချမှုက ရမယ့် ငွေကြေးဟာ ပေါင် သန်း ၃၀၀ ထိ ရောက်ဖွယ်ရှိလာ

နွေအားလပ်ရက်မှာ အလုပ်အများဆုံးသော ကလပ်ကတော့ ချယ်ဆီးအသင်းပဲ ဖြစ်ပါလိမ့်မယ်။ စတမ်းဖိုဒ့်ဘရစ်ချ် တာဝန်ရှိသူတွေက များစွာသော အပြောင်းအရွှေ့ ကိစ္စတွေကို စီမံနေခြင်းနဲ့အတူ အဝင် အထွက်တွေ များပြားနေဦးမှာပါ။

မနှစ်ကရာသီ စျေးကွက်နှစ်ခုမှာ အသုံးစရိတ် ပေါင် သန်း ၆၀၀ သုံးထားတဲ့ ချယ်ဆီးဟာ နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဖို့ရာ FFP ကန့်သတ်ချက်တွေ ရင်ဆိုင်ရဖို့ ရှိနေတာပါ။ ဒါကြောင့်ပဲ ကစားသမား ရှင်းထုတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို တရားဝင် ပိတ်သိမ်းတဲ့ရက် ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အဆိုပါရက် နောက်ဆုံးထားပြီး ကစားသမား ၅ ဦးကို တရားဝင် ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ကူလီဘာလေ၊ မန်ဒီနဲ့ ကန်တေတို့ ဆော်ဒီ ပရိုလိဂ်တွေထံ ထွက်ခွာသွားပါပြီ။ ကိုဗာဆစ်ကို မန်စီးတီးထံ ပေါင် သန်း ၃၀ ဖြင့် ရောင်းထုတ်ထားပြီး ကိုင်ဟာဗက်ကလည်း အာဆင်နယ်ထံ ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဒါတွေက ချယ်ဆီးရဲ့ မနှစ်ကရာသီ ငွေစာရင်းအတွက် အကူအညီ ဖြစ်စေမှာပါ။

ယူအီးအက်ဖ်အေက ၃ နှစ်အတွင်း ယူရို သန်း ၆၀ ပဲ ဆုံးရှုံးခွင့် ပေးထားပါတယ်။ အခုလို ကစားသမား ရောင်းချခြင်း၊ လုပ်ခပိုင်း လျော့ချနိုင်ခြင်းတွေက ချယ်ဆီးရဲ့ အခက်အခဲကို ဖြေရှင်းနိုင်စေပါလိမ့်မယ်။

ချယ်ဆီးဟာ အထက်က ကစားသမား ၅ ဦး ရောင်းချခြင်းကနေ ပေါင် ၁၂၆ သန်း ရရှိထားပါတယ်။ ထပ်ပြီး လော့တပ်ချိစ်ကို ပေါင် ၁၈.၅ သန်း၊ မေဆန်မောင့်ကို ပေါင် သန်း ၆၀ အပြင် ဇီယက်ချ်ကို ပေါင် ၁၇ သန်း၊ ပူလီဆစ်ကို ပေါင် ၂၅ သန်းတွေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ လီဗီကိုးဝယ်အတွက် ဘရိုက်တန်ထံက ပေါင် ၃၅ သန်းတန် ကမ်းလှမ်းမှု ရထားတာပါ။ အူဘာမီယန်ကိုလည်း ရှင်းထုတ်မှာဖြစ်ပြီး အင်တာမီလန်ထံ အငှားထွက်ကစားပြီး ပြန်လာမယ့် လူကာကူကိုလည်း အရောင်စာရင်း တင်ဖို့ရှိပါတယ်။

ဒီနွေမှာတင် ချယ်ဆီးရဲ့ ကစားသမား အရောင်းစာရင်းဟာ ပေါင် သန်း ၃၀၀ လောက်ထိ ရှိမယ်လို့ မျှော်လင့်ရပြီး ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေအောက် မရောက်ဖို့ ရုန်းထလာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။