မူဒရစ်တုန်းကလို ချယ်ဆီးထံ နောက်ကောက်မကျဖို့ ကိုင်ဆီဒိုကို ခေါ်ယူရေး ကြိုးစားနေတဲ့ အာဆင်နယ်

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အာဆင်နယ် အသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒို အတွက် ကလပ် စံချိန်တင်ကြေး ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ကိုင်စီဒို ကို ချယ်ဆီးကလည်း ဒီနွေမှာ ခေါ်ယူဖို့ ပြင်ဆင်လာတာကြောင့် ဂန်းနားတို့ လက်ဦးမှုယူ ကမ်းလှမ်းမှု စတင်ဖို့ လှုပ်ရှားလာတာပါ။

အာတီတာက ဒီနွေမှာ ကွင်းလယ်ဗဟို ကစားသမား တစ်ဦး အနည်းဆုံး တစ်ယောက် ခေါ်ယူဖို့ ရှိနေပါတယ်။ လက်ရှိ ကွင်းလယ် တစ်ဦး ဖြစ်တဲ့ ရှာကာ ကလည်း လီဗာကူဆင် အသင်းထံ ပြောင်းဖို့ ပြင်ဆင်​နေတာပါ။

အာဆင်နယ်ဟာ ဇန်နဝါရီတုန်းကလည်း ကိုင်စီဒို အတွက် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးပြီး ထိုစဉ်ကလည်း ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းမှု ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ်ကတော့ ဘရိုက်တန်က ရာသီဝက်မှာ သူတို့ အဓိက ကစားသမားကို မရောင်းဘူး ငြင်းဆန်ပယ်ချခဲ့တာပါ။

ဘရိုက်တန်က မက် အယ်လစ္စတာကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၅ သန်းနဲ့ပဲ လီဗာပူးအသင်းထံ လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ကွင်းလယ်ကြယ်ပွင့် ဖြစ်တဲ့ ကိုင်စီဒို အတွက်တော့ ပေါင် သန်း ၁ဝဝ လောက် ထိ ရချင်နေပြီး ဈေးကိုင်နေပါတယ်။

ပစ်မှတ် အူဂါတီ ကို ပီအက်စ်ဂျီ အသင်းထံ အရေးနိမ့် လက်လွှတ်လိုက်ရတဲ့ ချယ်ဆီးကလည်း ကိုင်စီဒို ကို ခေါ်ဖို့ အဓိက ချိန်ရွယ်လာနေတာပဲ ဖြစ်ပါတယ်။