ချယ်ဆီးလို မဖြစ်ရေး မန်ယူအသင်း ပိုင်ရှင်တွေကို အရေးကြီး သတိပေးတဲ့ နည်းပြတန်ဟက်

ဒီကြားရက် အိုးထရတ်ဖိုဒ့်မှာ ချယ်ဆီးအသင်းကို ရင်ဆိုင်ကစားမယ့် ပွဲမတိုင်ခင် နည်းပြတန်ဟက်က မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်တွေကို သတိပေးမှု ပြုလုပ်သွားပါတယ်။

မကြာခင်မှာတော့ ယူနိုက်တက်ဟာ ဂလေဇာမိသားစု လက်ထဲကနေ ဆာဂျင်ရက်ကလစ်ထံ လွဲပြောင်းရောက်ရှိနိုင်သလို ကာတာအဖွဲ့ ရိတ်ဂျက်ဆမ်ကလည်း ပိုင်ရှင်သစ်ဖြစ်လာဖို့ အလားအလာရှိသူ တစ်ဦးပါ။ ဒီကိစ္စတွေက နွေစျေးကွက် မတိုင်ခင် ပြီးမြောက်မယ် မျှော်လင့်ထားရတယ်။

များစွာသော ပရိသတ်တွေက ပိုင်ရှင်သစ်ကို မျှော်နေချိန် တန်ဟက်ကတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနေတဲ့ မန်ချက်စတာ ယူနိုက်တက်က မှန်ကန်တဲ့ ဗျူဟာတွေနဲ့ ဆက်သွားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ချယ်ဆီးအသင်းကို တော့ဘိုးလီတို့ ရောက်ရှိလာပြီးနောက် အသုံးစရိတ် ပေါင် သန်း ၆၀၀ ကျော် အသုံးပြုခဲ့ပေမယ့် ရုန်းကန်နေရခြင်းနဲ့အတူ ငွေရှိတိုင်း အဆင်မပြေကြောင်း ယူနိုက်တက် နည်းပြက အခုလို ပြောပြလာပါတယ်။

နည်းပြတန်ဟက်က ‘ ဒီအခြေအနေမှာ ပရီးမီးယားလိဂ်ဟာ ကစားသမားကောင်းတွေ၊ မန်နေဂျာကောင်းတွေ စုဝေးရာ လိဂ်ပြိုင်ပွဲ ဖြစ်နေပါတယ်။ နောက်ပြီး ငွေကြေးကြီးတွေကောပေါ့။ အားလုံးက ဗြိတိန်မှာ စုနေကြတာပါ။ ဒါကပဲ ပရီးမီးယားလိဂ်ကို ကြီးကျယ်တဲ့ ပြိုင်ပွဲဖြစ်ဖို့နဲ့ ခက်ခဲသည်ထက် ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်လာစေပါတယ်။

မှန်ကန်တဲ့ ကိစ္စတွေကို ကိုယ်က လုပ်နိုင်ရပါမယ်။ ကိုယ့်မှာ ပိုက်ဆံရှိပေမယ့် စမတ်ကျတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုနိုင်ရပါမယ်။ နောက်ပြီး အဲ့လိုတွေ လုပ်နိုင်ဖို့ ကောင်းမွန်တဲ့ ဗျူဟာတွေ ချမှတ်ဖို့ လိုပါတယ်။ မဟုတ်ခဲ့ရင်တော့ ငွေသုံးနိုင်လည်း အလကားပဲ ဖြစ်နေမှာပါ။

နောက်ကွယ်မှာ နည်းဗျူဟာတွေ မရှိဘူးဆိုရင်၊ မှန်ကန်တဲ့ ဗျူဟာတွေ မရှိဘူးဆိုရင် ပိုက်ဆံရှိတာက အလုပ်မဖြစ်ပါဘူး။ ကျနော်တို့ ယူနိုက်တက်က မှန်ကန်တဲ့ ဦးတည်ချက် ရှိနေတယ်။ ဒါပေမယ့် အနာဂတ်အတွက် ကျနော်တို့ မှန်မှန်ကန်ကန် တွက်ဆနိုင်ဖို့ လိုပါတယ်။ ရာသီကုန်ရင် ဒါကို ကျနော်တို့ စီမံရမှာပါ ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။