ချဲလ်ဆီးကို ဂိုးပြတ် ကြိတ်ရင်း လီဗာပူးကိုလည်း ကြေကွဲအောင် လုပ်နိုင်လို့ ပျော်ရွှင်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးတို့ ချန်ပီယံလိဂ် ဝင်ခွင့်မရရှိခဲ့တဲ့အပေါ် ပရိသတ်တွေ ပျော်ရွှင်နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီးကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ သေချာသွားခဲ့ပါတယ်။
လက်ရှိမှာ ယူနိုက်တက်က အဆင့် (၃) နေရာအထိ ရောက်ရှိလာခဲ့ပြီး နယူးကာဆယ်က အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။

အဆင့် (၅) နေရာမှာရှိတဲ့ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ်သာ ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားနဲ့ ပတ်သက်လို့ ဘရူနို ဖာနန်ဒက်စ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ဒီပွဲရလဒ်က ကျွန်တော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိတာကို သိပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြည့်ဝစေခဲ့တာဖြစ်ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေက လီဗာပူးတို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရတာကို ပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော်တို့ သေချာပေါက် သိထားပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့အတွက်က ဒါကိုပဲ အာရုံစိုက်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပုံစံပြသနိုင်ဖို့ ကြိုးစားခဲ့ပြီး ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ခါးသီးပြိုင်ဘက်တွေဖြစ်ကြပြီး လီဗာပူးကလည်း ဒီရာသီ အစောပိုင်းမှာ ရလဒ်ပိုင်းတွေ ဆိုးရွားခဲ့တာကြောင့် အခုလိုမျိုး ရာသီသိမ်းချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။