ပြိုင်ဘက်တွေထက် လက်ဦးအောင် မောင့်ကို စတင် ကမ်းလှမ်းတော့မယ့် မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ဆွေးနွေးမှု အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်ကစားသမား မေဆွန်မောင့်ကို ပေါင် ၅၅ သန်းနဲ့ စတင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

လက်ရှိရာသီ အသင်းထံ ရောက်ရှိလာတဲ့ ကွင်းလယ်ကစားသမားသစ်တွေကြောင့် မေဆွန်မောင့်တစ်ယောက် လာမယ့်ရာသီအတွက် ပွဲထွက်ခွင့် အာမခံချက်မရရနိုင်သလို ချဲလ်ဆီးအသင်းကလည်း ယခုရာသီအတွင်း စာချုပ်သစ် မချုပ်ဆိုနိုင်ပါက အပြီးသတ် ရောင်းထုတ်ဖို့ စီစဉ်ထားကြတာ တွေ့ရပါတယ်။

ချဲလ်ဆီးအသင်းဘက်ကတော့ မေဆွန်မောင့်အတွက် ပေါင် ၈၅ သန်း ဝန်းကျင် သက်မှတ်ထားပေမယ့် မန်ယူအသင်း ဘက်ကတော့ အဆိုပါ ၂၄ နှစ်သားအတွက် ပေါင် ၅၅ သန်းနဲ့ စတင်ကမ်းလှမ်းသွားမှာ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ အပြိုင်လုသွားရဖွယ် ရှိနေပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းကလည်း မေဆွန်မောင့်ကို စိတ်ဝင်စားမှုတွေ ပြသနေတဲ့ အသင်းဖြစ်တာကြောင့် မေဆွန်မောင့်ရဲ့ အနာဂတ်က လာမယ့်နွေမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်မှုတွေ ရှိလာဦးမှာ ဖြစ်ပြီး ချဲလ်ဆီးအသင်းနည်းပြသစ် ဖြစ်လာဖို့ ရှိနေတဲ့ ပိုချက်တီနိုကတော့ မေဆွန်မောင့်လို တိုက်စစ်အားသန် ကစားသမားမျိုးကို လက်လွှတ်ဖို့အတွက် စဉ်းစားသွားဖွယ် မရှိနိုင်ပါဘူး။

ဒါပေမယ့် ချဲလ်ဆီးနဲ့ မေဆွန်မောင့်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ချဲလ်ဆီးအနေနဲ့ လာမယ့်နွေမတိုင်ခင် ကစားသမားစိတ်ကြိုက် အာမခံချက်နဲ့ ဆက်လက် စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားသွားရမှာ ဖြစ်ပြီး အကယ်၍ ဖြစ်မလာခဲ့ပါက ပြိုင်ဘက်အသင်းတွေထံ လက်လွှတ်ပေးသွားရမှာ ဖြစ်ပါတယ်။