မန်စီးတီး ဖလား ၃ လုံး မရအောင် တားနိုင်တာ မန်ယူ တစ်သင်းပဲ ရှိတော့တယ် လို့ နဗီး ထောက်ပြ

ပက်ဂွာဒီယိုလာရဲ့ မန်စးတီး အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ ရယူနိုင်တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေပြီး ၁၉၉၈-၉၉ ရာသီ မန်ချက်စတာ ယူနိုက်တက် နောက်ပိုင်း ဖလားသုံးလုံး အောင်မြင်တဲ့ ပထမဆုံး အင်္ဂလန်အသင်း ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

သရဲနီဟောင်းကြီး နဗီးကတော့ မမန်စီးတီးရဲ့ ဖလားသုံးလုံး မျှော်လင့်ချက်တွေကို မန်ယူ တစ်သင်းတည်းကသာ တားဆီးနိုင်တယ်လို့ မျှော်လင့်နေပြီး ဝင်ဘာလေမှာ ကန်မယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ကြီးကျယ်တဲ့ တိုက်ခိုက်မှုကို မြင်တွေ့ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ အခုကနေ ရာသီကုန်တဲ့အထိ မန်စီးတီးအတွက် အားလုံးက အရေးကြီးပါတယ်။ သူတို့တွေ ဖလားသုံးလုံး မရရင် စိတ်ပျက်နေတော့မှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ပွဲတိုင်းမှာ အနိုင်ရဖို့ ရေပန်းစားတဲ့သူတွေ ဖြစ်လို့ပါပဲ။

ပြီးတော့ သူတို့က ခြေစွမ်းကောင်းမှာရှိနေတော့ လူတိုင်းက သူတို့ကိုကြည့်ပြီး စိတ်လှုပ်ရှားနေကြတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ စီးတီးရဲ့ ဖလားသုံးလုံး မျှော်လင့်ချက်ကို တားဆီးနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေလို့ ကျွန်တော် တော့ ပျော်ရွှင်မိပါတယ်။ ယူနိုက်တက်က ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ပင်နယ်တီနဲ့ နိုင်သွားကတည်းက ဒါကို ကျွန်တော် လိုချင်ခဲ့တာပါ။

ဝင်ဘာလေမှာ ကစားရတာက မလွယ်ကူပါဘူး။ အသင်းအများစုက အိမ်ကွင်းမှာလိုမျိုး ဝင်ဘာလေမှာ ကောင်းကောင်း မကစားနိုင်ဘူး။ အဲ့ဒီ့မှာ ပိုခက်ခဲမယ်ဆိုတာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ မျှော်လင့်ထားရမယ်။

မန်ယူနိုက်တက်က အဲ့နေ့မှာ တကယ်ကို တိုက်ခိုက်ကြမှာပါ။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြို မသိနိုင်ပါဘူး ” လို့ နဗီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။