ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် သုံးသပ် ဟောကိန်းထုတ်ချက်များ

ဘီဘီစီမှ သုံးသပ်ခန့်မှန်း ဆရာကြီး ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ် ခန့်မှန်းချက်တွေ က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဘုန်းမောက် vs မန်ယူနိုက်တက်

ဒီရာသီ အစမှာဆိုရင် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာ အဆင့် ၄ နေရာ ရမယ် ဆို လက်ခံယူမိမှာပဲ။ ဒါတောင် ကာရာဘောင်းဖလား ရတာနဲ့ အက်ဖ်အေဖလား ဖိုင်နယ် မပါသေးဘူးနော်။

သူတို့ရဲ့ အဝေးကွင်း ခြေစွမ်းက နည်းနည်းတော့ စိတ်ပူစရာ ရှိပေမယ့် ဘုန်းမောက်က တန်းဆင်းဇုန်အန္တရာယ် ရှိမနေတာကြောင့် အဲရစ်တန်ဟက် အထောက်အကူ ဖြစ်မှာပါ။

ကျနော်ကတော့ ဘုန်းမောက်ကို အထင်ကြီးမိပါတယ်။ သူတို့နဲ့ ပတ်သတ်ပြီး အကြိမ်များစွာ ကျနော် မှားပြောခဲ့မိတာပါ။ ဒါပေမယ့် ဒီတခါလည်း ကျနော် ဘာပြောမယ် ဆိုတာ ခင်ဗျားတို့ ရိပ်မိလောက်ပါတယ်။

ကျနော်က ယူနိုက်တက် အနိုင် လို့ပဲ မှန်းပါမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အတွက် ဒီပွဲက အရေးကြီးပွဲ ဖြစ်နေတယ်။

လက်ကျန် ၃ ပွဲမှာ ၂ ပွဲ နိုင်ရင် အဆင့် ၄ အတွင်း သေချာပေါက် ဝင်မှာ ဖြစ်တယ်၊ လီဗာပူးကလည်း နောက်က လိုက်နေတာ ဖြစ်တော့ ဒီစည်းကို သူတို့ သေချာပေါက် ကျော်အောင် ရုန်းမှာပါ။ လွယ်တော့ လွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ယူနိုက်တက် နိုင်ပွဲ တစ်ပွဲ ဒီက နေ ရသွားမယ် လို့ ကျနော် ထောက်ခံချင်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၁-၂ မန်ယူနိုက်တက်

လီဗာပူး vs အက်စတွန်ဗီလာ

ဒီလိုပွဲမှာ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ သူ့အသင်းကို ခံစစ်အထိုင်ချပြီး လီဗာပူးတို့ကို စိတ်ပျက်စေကာ ကောင်တာကနေ ထိုးဖောက်ရမှာဖြစ်ပါတယ်။

ဒီတော့ ဒီပွဲမှာ အက်စတွန်ဗီလာကို ထည့်မသွင်းပေမယ့် လီဗာပူးကတော့ ကုန်ခဲ့တဲ့ ၇ ပွဲမှာ ပြသခဲ့တဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကြောင့် သူတို့ ရလဒ် ထိခိုက်မယ်လို့ မမြင်ပါဘူး။ လီဗာပူးက ဗီလာကို တိုက်ခိုက်မှာဖြစ်ပြီး လွှမ်းမိုးကစားမှာဖြစ်ပါတယ်။

လီဗာပူးက ရာသီသိမ်းပွဲမှာ ဆောက်သမ်တန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့က ရမှတ် ၇၁ မှတ်ရဖို့ မျှော်လင့်နေမှာပါ။ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့ဆိုရင်တော့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ခြေချော်မှပဲ ရပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 အက်စတွန်ဗီလာ

နော်တင်ဟမ် ဖောရက်စ် vs အာဆင်နယ်

ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို အရေးနိမ့်လိုက်တာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် မျှော်လင့်ချက်က ကုန်ဆုံးသွားပါပြီ။ ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ချန်ပီယံဖြစ်ရေးမှာ မန်စီးတီးက ၃ ပွဲထဲက ၁ ပွဲ အနိုင်ရဖို့ပဲ လိုပါတယ်။

ဒီလိုပွဲမျိုးမှာ အာဆင်နယ်ကို တုန့်ပြန်ပြလာတာမျိုးကို မြင်လိုကြပေမယ့် အဲ့လို မြင်ရတာမျိုး ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒီတလောမှာ အာဆင်နယ်က ပွဲတွေကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေပါတယ်။ ရာသီစတုန်းက အာတီတာရဲ့ အသင်းဟာ အရှိန်ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် အခုတလောမှာတော့ အဲ့လို လုပ်နိုင်စွမ်း နည်းနေပါတယ်။

ဖောရက်စ်ကလည်း သူတို့ရဲ့ အနေအထားအရ တကယ်ကြီးကို အားထုတ် ကစားလာမှာပါ။ သူတို့က ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေဆဲအသင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာ အဲ့လိုဖြစ်အောင် ဖောရက်စ်က အားထုတ်မှာပါ။ သူတို့ ရမှတ် ၁ မှတ် ခွဲယူနိုင်မယ်လို့ ထင်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ နော်တင်ဟမ် ဖောရက်စ် 1-1 အာဆင်နယ်

မန်စီးတီး vs ချယ်ဆီး

ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးတို့ အနိုင်ရတဲ့ပွဲကို ကျနော် ကွင်းထဲကနေ ကြည့်နေခဲ့ပါတယ်။ မန်စီးတီးက ကျနော် မျှော်လင့်ထားသလို ဘောလုံးကိုင်ပြီး လွှမ်းမိုးထားခဲ့ပေမယ့် မက်ဒရစ်ကတော့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ဖောရက်စ်ကွင်းမှာ အာဆင်နယ်အသင်း အရေးနိမ့်ရင် မန်စီးတီးက ချန်ပီယံဖြစ်မယ် ဆိုပေမယ့် ချယ်ဆီးကို အနိုင်ရလိုက်ရင်လည်း မန်စီးတီးက ၃ ကြိမ်ဆက် ချန်ပီယံ ဖြစ်လာဖို့ ရှိပါတယ်။

ကျနော်ကတော့ အဲ့လိုဖြစ်လာမယ် ထင်ပါတယ်။ ချယ်ဆီးမှာက ဘာပလန်၊ ဘာအားထုတ်မှုမှ မမြင်ဘူး။ သူတို့မှာ တစ်ဦးချင်း ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့် အသင်းတစ်သင်း မဟုတ်ဘဲ တကယ့် အရှုပ်ကြီး ဖြစ်နေတာပါ။

စီးတီးက အပြောင်းအလဲတွေနဲ့အတူ ဖိုဒန်၊ မာရက်ဇ်၊ အဲဗာရက်ဇ်တို့ကို ပွဲထုတ်ကစားရင်တောင်မှ ဒီပွဲကို လွယ်လွယ်လေး နိုင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 5-0 ချယ်ဆီး

အခြားပွဲစဉ်တွေ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

  • Tottenham 1-1 Brentford
  • Fulham 2-1 Crystal Palace
  • Wolves 1-1 Everton
  • West Ham 0-0 Leeds
  • Brighton 2-0 Southampton
  • Newcastle 3-1 Leicester