ချန်ပီယံလိဂ် ဖိုင်နယ် ရောက်တာနဲ့ ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ်တို့ကို တန်းဖဲ့သွားတဲ့ မန်စီးတီး စီအီးအို

မန်ချက်စတာစီးတီး စီအီးအို ဖာရန် ဆိုရီယာနိုက ၎င်းတို့အသင်းဟာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် သုံးစွဲခဲ့တဲ့ ငွေကြေးကြောင့်သာ အောင်မြင်မှုရနေတာဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အပြတ်အသတ် ချေမှုန်းပြီး ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ချဲလ်ဆီးအသင်းကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားသွားရမှာ ဖြစ်တာကြောင့် ဖလား ၃ လုံးရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အောင်မြင်မှုဟာ ဖေဖော်ဝါရီလတုန်းက နှစ်ပေါင်းများစွာအတွင်း အကြိမ် ၁၀၀ ကျော် ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် အရိပ်မိုးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဘဏ္ဍာရေး စည်းမျဉ်းအများအပြား ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရပေမယ့်လည်း ဆိုရီယာနိုက ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ပြီး မန်စီးတီးက ငွေကြေးအလွန်အကျွံသုံးစွဲခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဒီမှာ ခင်ဗျား ပြီးခဲ့တဲ့နှစ်၊ ၃ နှစ်၊ ၅ နှစ်အတွင်း အင်္ဂလန်က ကစားသမားတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်တို့က ကစားသမားတွေအပေါ်မှာ ငွေကြေးအများဆုံး သုံးစွဲတဲ့အသင်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ထက် ငွေကြေးပိုမို ရင်းနှီးမြှုပ်နှံနေတဲ့ အခြားအသင်းတွေအများကြီးရှိပါတယ်။ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ပါ။ ကျွန်တော်တို့က ငွေကြေးအများကြီး သုံးစွဲခဲ့ပြီး အဲဒါကြောင့်သာ အနိုင်ရရှိခဲ့တာလို့ ပြောနေတာက မမှန်ပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ငွေကြေးအများဆုံးသုံးစွဲခဲ့တဲ့ ၁၀ သင်း ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ချဲလ်ဆီး(ပေါင် ၁.၈၂ ဘီလီယံ)
၂။ မန်စီးတီး(ပေါင် ၁.၅ ဘီလီယံ)
၃။ မန်ယူနိုက်တက်(ပေါင် ၁.၄၅ ဘီလီယံ)
၄။ ဂျူဗင်တပ်(ပေါင် ၁.၄၄ ဘီလီယံ)
၅။ ဘာစီလိုနာ(ပေါင် ၁.၄၂ ဘီလီယံ)
၆။ ပီအက်စ်ဂျီ(ပေါင် ၁.၂၉ ဘီလီယံ)
၇။ အာဆင်နယ်(ပေါင် ၁.၀၄ ဘီလီယံ)
၈။ လီဗာပူးလ်(ပေါင် ၁.၀၁ ဘီလီယံ)
၉။ ရီးရဲလ်မက်ဒရစ်(ပေါင် ၉၉၉ သန်း)
၁၀။ တော့တင်ဟမ်ဟော့စပါး(ပေါင် ၉၆၀ သန်း)