ချယ်ဆီးက လာမယ့်ရာသီ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မှာလားအတွက် ပြိုင်ဘက်ဟောင်းရဲ့ မှတ်ချက်

အာဆင်နယ်ကစားသမားဟောင်း အီရန်ရိုက်က လာမယ့်ရာသီဟာ အသင်းကြီးတွေရဲ့ တခေတ် ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း သူ့ရဲ့ ထင်မြင်မှုကို ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အနီးကပ် စိန်ခေါ်နိုင်ခဲ့ပေမယ့် ဒီရာသီမှာလည်း မန်စီးတီးပဲ ချန်ပီယံဖြစ်မယ့် အလားအလာ ရှိနေပါတယ်။ ထိပ်သီးအသင်းတွေ အားလုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာရမှာ ဖြစ်ပြီး မဟုတ်ခဲ့ရင်တော့ မန်စီးတီးကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့ ဂန်းနားဟောင်းကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

‘ အာဆင်နယ်အသင်းအတွက် ကျနော် ဂုဏ်ယူမိပါတယ်။ အပြင်ကလူတွေ ဘာပဲပြောပြော ကျနော်တို့ ပရီးမီးယားလိဂ် အနိုင်ရဖို့ထိ မဖြစ်နိုင်တာ လူတိုင်း သိပါတယ်။ အချက်ကျကျ ကြည့်မယ်ဆိုရင် အသင်းရဲ့ အသက်အရွယ်၊ ဝါနုသေးမှုနဲ့ ဒဏ်ရာ ပြဿနာတွေပေါ့။

ဒီရာသီမှာ အာဆင်နယ် အမြင့်ပျံသန်းလိုက်တာ နေမင်းနဲ့တောင် ထိလုမတတ်ပဲ။ အမြင့်ဆုံးကို ပျံတက်သွားဖို့ သူတို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း သိပ်ကောင်းပါတယ်။

လာမယ့်ရာသီကို ကျော်ကြည့်မယ်ဆိုရင် အာဆင်နယ်အတွက် နည်းနည်း စိတ်ပူစရာက ချယ်ဆီးကို ကိုင်တွယ်ဖို့ ပိုချက်တီနို ဝင်ရောက်လာတော့မယ်။ သူတို့မှာ သိပ်ကောင်းတဲ့ လူစာရင်း ရှိထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမယ်တော့ မသိပါဘူး။ ဒါပေမယ့် သူတို့က အိပ်မောကျနေခဲ့တာ အချိန် အတော်ကြာနေပါပြီ။ လီဗာပူးကလည်း သူတို့ လိုအပ်တဲ့ ခေါ်ယူမှုတွေကို ပြုလုပ်ပြီး သူတို့ ရှိရမယ့် နေရာအတွက် အပေါ်ကို ပြန်တက်လာတော့မှာပါ။

အဲ့အသင်းတွေအပြင် မန်စီးတီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်ကလည်း အမှတ်ပေးဖလား စိန်ခေါ်မှာပါ။ အခုချိန် အားလုံးက အားကောင်းလာပြီ စိတ်လှုပ်ရှားစရာ ဖြစ်လာနေပါပြီ။ မန်စီးတီးက အခုလိုပဲ ၆ နှစ်အတွင်း ၅ ကြိမ် ချန်ပီယံဖြစ်မယ်ဆိုရင် အသင်းတိုင်းက အနည်းဆုံး ရမှတ် ၉၀ ရဖို့ လိုအပ်လာပါပြီ ’ လို့ အီရန်ရိုက်က ထုတ်ပြောသွားတာ ဖြစ်ပါတယ်။