ဂွာဒီယိုလာ၊ မော်ရင်ညို ကြိုက်တဲ့ နည်းပြခေါ်လိုက် လမ်းပတ်ထက် ပိုသာအောင် မလုပ်နိုင်ပါဘူး

ချယ်ဆီးဟာ ယာယီနည်းပြလက်အောက် ပထမဆုံးနိုင်ပွဲအဖြစ် ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ကလပ်ရဲ့ ဒုက္ခသုက္ခတွေတိုင်းအတွက် ဖရန့်လမ်းပတ်ကို အပြစ်မတင်သင့်ဘူးလို့ ကလော်ဒီ မက်ခီလီလီက ထင်မြင်နေပါတယ်။

လမ်းပတ်ကို နည်းပြနေရာမှာ ဆက်ထားဖို့က သူဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် အသင်း ခြေစွမ်းကျဆင်းနေမှုကိုတော့ နားလည်ပေးလို့ရတယ်လို့ ချယ်ဆီး ကွင်းလယ်လူဟောင်း မက်ခီလီလီက မှတ်ချက်ပေးခဲ့ပါတယ်။

“ ဘောလုံးက မလွယ်ကူပါဘူး။ ဒီပိုင်ရှင်အသစ်ရဲ့ ဗျူဟာကြောင့် မတူတဲ့လူတွေ အသင်းကို စုပြုံ ရောက်လာတာနဲ့ တွက်ကြည့်ရင် အခုအခြေအနေက သာမန်ပါပဲ။ ဒါနဲ့ပတ်သက်တဲ့ ဥပမာတွေကို ကျွန်တော်တို့ အများကြီး မြင်ခဲ့ပြီးပါပြီ။ မန်စီးတီးတို့ ပီအက်စ်ဂျီတို့ကို ကြည့်ကြည့်ပေါ့။

ချယ်ဆီးရဲ့ အခြေအနေက မကောင်းမြင်စရာ မဟုတ်ပါဘူး။ ဒါက ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့က လူငယ်တွေနဲ့ အသင်းတစ်သင်းကို တည်ဆောက်နေတာပါ။ အာဆင်နယ်လည်း အဲ့လိုလုပ်နေတာပဲ။ ကျွန်တော်တို့အနေနဲ့ အချိန်နည်းနည်း လိုအပ်တယ်။ နောက်ရာသီဆို အဆင်သင့် ဖြစ်နေလောက်မှာပါ”လို့ မက်ခီလီလီက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်က အရှုပ်အထွေးတွေကို ရာသီကုန်ထိ ကူညီ ရှင်းလင်းပေးဖို့ အတွက် တာဝန်ယူထားတာပါ။ ဒါပေမယ့်လို့ ပြဿနာတိုင်းအတွက် လမ်းပတ်မှာ တာဝန်မရှိဘူးလို့ ချယ်ဆီးကွင်းလယ်လူဟောင်းက ယုံကြည်နေတာ ဖြစ်ပါတယ်။

“ အသင်းအတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ဖရန့်အတွက်ပဲ မဟုတ်ဘူး။ ဘယ်နည်းပြမဆို အဲ့လိုပဲ ဖြစ်နေမှာပဲ။ ဂွာဒီယိုလာတို့၊ မော်ရင်ညိုတို့ ကြိုက်တဲ့နည်းပြ ခေါ်လာလိုက်။ သူတို့လည်း ဒီမှာရုန်းကန်ရမှာပဲ။ ဘာလို့လဲဆိုတော့ လုံးဝ အသစ်ဖြစ်နေတဲ့ ကစားသမားတွေ အများကြီးကို ကိုင်တွယ်ရတာမလို့ပါ။

ဒီကစားသမားသစ်တွေရဲ့ နောက်ကြောင်း၊ ဖြစ်နေတဲ့ အရာအားလုံးကို ဘာမှမသိရဘူး။ ဖရန့်က စိန်ခေါ်မှုကို လက်ခံခဲ့တယ်။ ပြီးခဲ့တဲ့ စနေနေ့က နိုင်ပွဲဟာ နည်းနည်းတော့ ပျော်စရာတချို့ ရရှိစေလောက်ပါတယ် ” လို့ မက်ခီလီလီက ဆိုခဲ့တာ ဖြစ်ပါတယ်။