ပိုချက်တီနို ချယ်ဆီး နည်းပြသစ် ဖြစ်လာရင် ပထမဆုံးနဲ့ အရင်ဆုံး စ ကိုင်မယ့် ကိစ္စ

ချယ်ဆီးအသင်း ဟာ ပိုချက်တီနိုကို နည်းပြသစ်ခန့်ဖို့ မျှော်လင့်ထားပြီး အာဂျင်တိုင်းသား နည်းပြ အနေနဲ့ ပထမဆုံး တာဝန်အဖြစ် ဖောင်းပွနေတဲ့ အသင်း လူစာရင်းကို အရင်ဆုံး ရှင်းထုတ်ပစ်ရမယ် ဆိုတာ သဘောပေါက်ထားပါတယ်။

ချယ်ဆီးဟာ နည်းပြရဲ့ ပထမဆုံး လုပ်ရမယ့်အလုပ်တွေကို ရှင်းလင်းပြောထားပြီးသားဖြစ်သလို ပိုချက်တီနိုဟာ ကစားသမားတွေကို ရောင်းထုတ်ပြီး အသင်းရဲ့ အရွယ်အစားကို လျှော့ချပစ်ရမှာဖြစ်ပါတယ်။

သူတို့ဟာ ကုန်ကျစရိတ်တွေ လျှော့ဖို့၊ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုနဲ့ ကိုက်ညီစေဖို့အတွက် ရောင်းထုတ်မှုတွေ လုပ်ဖို့ လိုအပ်နေတာလဲ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အန်ဇိုဖာနန်ဒက်၊ မူဒရက်ခ်၊ မာဒူကီ၊ ဘာဒီယာရှီလ်၊ ဝက်စလေ ဖိုနာနာ၊ ကူလီဘာလီတို့ အပါအဝင် ကစားသမားသစ်များစွာ ရင်းနှီးမြုပ်နှံခဲ့ပေမယ့်လဲ ဆိုးရွားတဲ့ ရာသီကိုသာရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၁ ကို ရောက်နေပါတယ်။

ပိုချက်တီနိုဟာ သူ့စိတ်ကြိုက် ခေါ်ယူမှုတွေ လုပ်လိုပြီး ဂိုးသမားတစ်ယောက်၊ ကွင်းလယ်လူတစ်ယောက်၊ တိုက်စစ်မှူး တစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့် သူ့အနေနဲ အရင်ဆုံး မလိုတဲ့ ကစားသမားတွေကို ရောင်းချပြီး လူအင်အား လျှော့ချရမှာ ဖြစ်ပါတယ်။

စိတ်ပျက်စရာ ရာသီအပြီး ကစားသမားများစွာဟာ ချယ်ဆ်ီး အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေကြပြီးဖြစ်သလို စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာသွားမယ့်သူ ၉ယောက်လောက် ရှိနေပါတယ်။

ဒီရာသီ လူသစ်ခေါ်ယူမှုများစွာ ပြုလုပ်ထားတဲ့ ချယ်ဆီးဟာ နွေရာသီမှာ ကစားသမားတွေ ထပ်ခေါ်ဖို့ မျှော်လင့်ရပါတယ်။ ခရစ္စတိုဖာ အန်ကွန်ကူဟာ လိုက်ပ်ဇစ်ကနေ ရောက်လာဖို့ရှိပြီး ချယ်ဆီးဟာ အင်တာဂိုးသမား အိုနာနာ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်တို့ကိုလဲ စိတ်ဝင်စားနေပါတယ်။