အသင်းပိုင်ရှင်ထံက အာမခံချက် တစ်ခုကို ရရှိသွားပြီဖြစ်တဲ့ ချယ်ဆီး နည်းပြသစ်

ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုးလီကတော့ အသင်းက ရေရှည်ပလန်နဲ့ သွားနေတာ ဖြစ်ပြီး အနာဂတ်မှာ စိတ်ပျက်စရာ ဘောလုံး ရာသီကနေ ပြန် ဆယ်တင်နိုင်မယ် ယုံကြည်ချက် ရှိနေပါတယ်။

ချယ်ဆီးဟာ ရာသီကုန်မှာ ပိုချက်တီနိုကို အမြဲတမ်း နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျှော်လင့်ရပေမယ့် ဘဏ္ဍာရေး စည်းမျဉ်း FFP နဲ့ ကိုက်ညီစေဖို့ အသင်းသားများစွာကို ရောင်းထုတ်ဖို့ လိုအပ်နေတာနဲ့အတူ ကလပ်မှာ နောက်ထပ် ဆူပူရှုပ်ထွေးတဲ့ နွေရာသီကို ကြုံရနိုင်ပါတယ်။

ဒါပေမယ့် ချယ်ဆီးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့ ဘိုးလီက အခိုင်အမာ ဆိုလိုက်ပြီး နည်းပြသစ်ဟာ ကလပ်ရဲ့ ပဲ့ကိုင်ရှင် ဖြစ်လာမယ်လို့ အတည်ပြုပါတယ်။ ကလပ် ဘုတ်အဖွဲ့အနေနဲ့လဲ သူတို့ဦးဆောင်ရတဲ့ ပထမနှစ်အတွင်း အများကြီး သင်ယူလေ့လာခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့အမြင်က ဒါဟာ ရေရှည်စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ရေရှည် အနာဂတ် အတွက် အာရုံစိုက်ထားတာ။ ဒါကို ကျွန်တော်တို့ အဖြေရှာနိုင်မယ်ဆိုတာ ယုံကြည်မှု ရှိတယ်။

ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးလိဂ်၊ ကမ္ဘာ့ထိပ်တန်းမြို့ကို ရောက်နေတာပါ။ ကမ္ဘာပေါ်က နိုင်ငံတိုင်းရဲ့ ထိပ်တန်း ကစားသမားတွေ အတွက် ဈေးကွက်တစ်ခု ရှိတယ်။ ဈေးကွက်တိုင်းက ခြားနားပါတယ်။ ပေါ်တူဂီဈေးကွက်၊ ပြင်သစ်ဈေးကွက်၊ အင်္ဂလန်ဈေးကွက်တွေပေါ့။ ကျွန်တော်တို့က ဒီလိုဈေးကွက်တွေထဲ တိုးဝင်နိုင်တဲ့ အစွမ်းအစရှိတယ်။

ပြီးရင် အသင်းတစ်သင်းကို တည်ဆောက်ရမယ်။ မင်းရဲ့နည်းပြက အသင်းရဲ့ ပဲ့ကိုင်ရှင်ပဲ။ မတူညီတဲ့ ကမ္ဘာ့ဈေးကွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ ပရိသတ်တွေက နိုင်ပွဲတွေ တောင်းဆိုနေကြတယ်။ သူတို့တွေ အနိုင်လိုချင်သလို ကျွန်တော်တို့လဲ အနိုင်လိုချင်ပါတယ်”လို့ ဘိုးလီက ပြောခဲ့တာပါ။