နဗီးရဲ့ တသက်တာလုံး ပြောခဲ့သမျှထဲ အမှန်ဆုံး စကားတွေ ဖြစ်မယ့် တော့ဒ်ဘိုးလီနဲ့ ချယ်ဆီး အကြောင်း

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ရှုံးပွဲကြုံရပြီးနောက် လမ်းပတ် ယာယီနည်းပြ ဘဝ နိုင်ပွဲ လုံးဝ မရှိသေးဘဲ ၆ ပွဲဆက် အရှုံး ကြုံတွေ့ခဲ့ရပါတယ်။

ချယ်ဆီး က လက်ကျန် ၅ ပွဲမှာ ၁၀ မှတ်နဲ့ အထက် မရနိုင်ရင် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အသင်းရဲ့ အနိမ့်ဆုံး ရမှတ် စံချိန်တင်သွားမယ့် အလားအလာတောင် ရှိနေပါတယ်။

သရဲနီဟောင်း ဂယ်ရီနဗီးကတော့ ချယ်ဆီးရဲ့ လက်ရှိအခြေအနေကို ဝေဖန်ခဲ့ပြီး လက်ရှိ ပြဿနာတွေအတွက် ဘိုးလီ တစ်ယောက်ထဲမှာ တာဝန်ရှိတယ်လို့ ယုံကြည်နေပါတယ်။

နဗီးဟာ သူ့ဘဝ တသက်တာလုံး အမှန်ဆုံး သုံးသပ် ထောက်ပြချက်တွေ လုပ်သွားတယ်လို့တောင် ဆိုနိုင်ပြီး ဘိုးလီ ဟာ ချယ်ဆီးကို ဘောလုံးမန်နေဂျာ ဂိမ်း ကစားသလို လုပ်နေတယ်လို့ နဗီး က ပြောဆိုလိုက်တယ်။

“ဒါတွေက ထိပ်ဆုံးကနေ ဖြစ်လာတာပဲ။ ပထမဆုံးရက်ကတည်းက ပရမ်းပတာတွေဖြစ်ပြီး ရှုပ်ထွေးခဲ့တာပါ။ ဘိုးလီက ချယ်ဆီး အတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်ခဲ့ပြီး ဒီလိဂ်ကို အထင်မှားခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ မြန်မြန် သင်ခန်းစာ ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီရာသီမှာ ဖြစ်ပျက်ခဲ့တာတွေအားလုံးက သူ့အပြစ်တွေကြောင့်ပါပဲ။ သူ့အနေနဲ့ သူနဲ့ မသက်ဆိုင်တဲ့ ဘောလုံးဆိုင်ရာ ကဏ္ဍတွေအားလုံးကို သူ့ဘာသူ လည်ပတ်ခွင့်ပေးသင့်ပါတယ်။

မင်းက အသင်းပိုင်ရှင်ပဲ။ ကစားသမားမဟုတ်ဘူး၊ နည်းပြလဲ မဟုတ်ဘူး။ ဒီလိဂ်အကြောင်း ဘာအတွေ့အကြုံမှလဲ မရှိဘူး။ ဆိုတော့ ကိုယ့်နေရာကိုယ်နေပြီး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလတွေအတွင်း အောင်မြင်ခဲ့တဲ့ သူတွေကိုပဲ ကလပ်ကို ဦးစီးပဲ့ကိုင်ခွင့်ပြုသင့်ပါတယ်။

သူတို့ဆီကနေ တစ်နှစ်လောက် အချိန်ယူလေ့လာပြီးတော့ ချယ်ဆီးရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကြိုးစားရမှာပါ။ ပီတာချက် ထွက်သွားတယ်၊ မာရီနာ ထွက်သွားတယ်၊ ပွဲနည်းနည်းကစားပြီးမှာ တူချယ်ထွက်သွားရတယ်၊ အဲ့မှာ ရုတ်တရက်ကြီး မင်းက လုံးဝ ဝရုန်းသုန်းကား အခြေအနေထဲ ရောက်သွားတာပဲ။

ပြီးတော့ သူတို့က ၂၂ နှစ်အရွယ် ကစားသမားတွေကို ၈နှစ် စာချုပ်ပေးပြီးတော့ စံတွေကို ပြောင်းပြန် လှန်ပစ်တယ်။ ကွင်း ထိန်းသိမ်းရေးသမားတွေ၊ အရိုးအကြော ဆရာဝန်တွေ၊ အားကစားသိပ္ပံပညာရှင်တွေ၊ ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို ထုတ်ပြီးတော့ လူတိုင်းကို လက်ညှိုးထိုး အပြစ်တင်လို့မရပါဘူး။

ချယ်ဆီးဟာ ကလပ်ကို အောင်မြင်အောင် လည်ပတ်တဲ့ နည်းလမ်းတစ်ခု ရှိခဲ့တဲ့အသင်းပါ။ ဒီလိုဖြစ်လာအောင် ဘိုးလီက ဖန်တီးခဲ့တာပဲ။ ဒီပြဿနာတွေကို ဘိုးလီ လုပ်ခဲ့တာ။ Football Manager ဂိမ်းကစားသလိုပဲ တော်တော်လေး ဆိုးရွားခဲ့ပါတယ်”လို့ နဗီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။