အချင်းချင်းတောင် ရန်ဖြစ်နေကြတာ နည်းပြသစ် ၁၂ ယောက်လာလည်း မရဘူးလို့ ချယ်ဆီးကို ဝေဖန်

ပရီးမီးယားလိဂ် ကစားသမားဟောင်း အီမန်နူရယ် ပီတစ်ဟာ ချယ်ဆီးအသင်းမှာ စည်းလုံးမှုနဲ့ စိတ်ဓာတ်ကင်းမဲ့ခြင်းအပေါ် ဝေဖန်ခဲ့သလို အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း အရံခုံမှာ ကစားသမားတွေ ငြင်းခုံနေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင်သန်း ၆၀၀ ကျော် သုံးစွဲခဲ့ပေမယ့် အခု ရှုံးပွဲအပြီး ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာမှာ ရှိနေဆဲပါ။ ဒါဟာ ဖရန့်လမ်းပတ် တာဝန်ယူပြီးနောက်ပိုင်း ချယ်ဆီးရဲ့ ၆ပွဲဆက် ရှုံးပွဲလည်း ဖြစ်ပါတယ်။

အသင်းမှာ စည်းလုံးမှု မရှိတာကြောင့် အံ့ဩတုန်လှုပ်မိတဲ့အကြောင်း ပီတစ်က ပြောပြခဲ့ပြီး အရံခုံမှာတောင် ကစားသမားတွေက အချင်းချင်း စကားများနေတာ တွေ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ချယ်ဆီးအရံခုံတန်းနဲ့ အရမ်း နီးတဲ့နေရာမှာ ရှိနေခဲ့တာပါ။ ကစားသမား တချို့က အထူးသဖြင့် ဒုတိယပိုင်းမှာ သူတို့အချင်းချင်း စကားများနေခဲ့တာ တွေ့လိုက်တယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်၊ ကိုယ်အမူအယာ၊ တုံ့ပြန်မှုမရှိ၊ မာနမရှိ၊ စည်းလုံးမှုမရှိ၊ ရင်းနှီးမှုမရှိတာတွေကြောင့် ကျွန်တော် အရမ်း အံ့ဩတုန်လှုပ်မိခဲ့တာ။

မန်နေဂျာ အယောက် ၂၀ ခန့်ထားရင်တောင် အခုချိန်မှာ ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တွေးမိခဲ့တယ်။ အရင်ဆုံး အဝတ်လဲခန်းထဲက တစုံတခုကို ရှင်းထုတ်ဖို့လိုတယ်။ ပြီးမှ နည်းပြတွေအကြောင်း စဉ်းစားပါ။ အခုချိန် ကမ္ဘာ့အကောင်းဆုံးနည်းပြကို ခန့်ရင်တောင် သူအဖြေမရှာနိုင်လောက်ဘူး။

ကစားသမားတွေက အရမ်းများလွန်းတယ်။ ရှုပ်ပွနေတာပဲ။ ပထမပိုင်းမှာ ချယ်ဆီးကို ကြည့်ရတာ ရှက်ဖို့ကောင်းတယ်။ ပရိသတ်တွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး ” လို့ ပီတစ်က ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဟာ နောက်ရာသီမှာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖွယ်ရှိပြီး ၎င်းဟာ အဝတ်လဲခန်းကို အကြီးစား ရှင်းလင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။