ချယ်ဆီး ဘာလို့ ဒီလောက် ရှုံးနေလဲ ပေါ်တင် ထုတ်ပြောလာပြီဖြစ်တဲ့ လမ်းပတ်

အသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ ပိုက်ဆံတွေ အပုံလိုက်သုံးပြီး ကြီးမားကျယ်ပြန့်တဲ့ အသင်းစုဖွဲ့မှုတစ်ခုကို တည်ဆောက်ထားတာဖြစ်သလို လာမယ့်ရာသီမှာ မန်နေဂျာသစ်ဖြစ်လာမယ့် သူဟာ စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လက်ရှိ ရာသီကုန်ဖို့ ၅ ပွဲအလိုမှာ ချယ်ဆီးဟာ တန်းဆင်းဇုန်နဲ့ ၉ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ အာဆင်နယ်ကို ရှုံးပြီးတဲ့နောက် လမ်းပတ်က သူ့အသင်းကို မညှာမတာ ဝေဖန်ခဲ့ပြီး လက်ရှိ ဒုက္ခတွေရဲ့ အကြောင်းရင်းကို လေ့ကျင့်ရေးကွင်းမှာ မြင်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ ချယ်ဆီးက နှစ်၂၀ လောက် ကြီးမားတဲ့ အောင်မြင်မှုရခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ အဲ့လို အနေအထားမျိုး မရှိတော့ပါဘူး။ ကျွန်တော် ဒီမှာရှိခဲ့တဲ့အချိန်မှာ နောက်ကွယ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။

လေ့ကျင့်ရေးကွင်းမှာ မြင်နေရတာတွေ အခုလို ချယ်ဆီးအသင်း ရင်ဆိုင်နေရတာတွေရဲ့ အကြောင်းရင်းပဲ။ ကိုယ်က ဘယ်ကိုပဲသွားသွား အရမ်းကြီး သဘောကောင်းတဲ့ ပြိုင်ဘက်အဖြစ် ကစားပြနေမယ်ဆိုရင် ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ ” လို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်ရဲ့အသင်းဟာ စနေနေ့ ဘုန်းမောက်ကို ရှုံးရင် အောက်ကိုပါ ထပ်ဆင်းပေးရနိုင်ပါတယ်။ အဲ့ဒီ့နောက် ချယ်ဆီးဟာ နော်တင်ဟမ် ဖောရတ်၊ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့ တွေ့ရဦးမှာပါ။

ရာသီနောက်ဆုံးရက်မှာတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ လက်ခံ ကစားပြီး ဆူပူအုံကြွတဲ့ ရာသီကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။