ချယ်ဆီးကို အထင်ကြီးမိတာ မှားသွားတယ်လို့ ဝေဖန်ခဲ့ကြတဲ့ ဂယ်ရီနဗီးနဲ့ ကာရေဂါ

မနေ့ညက လန်ဒန်ဒါဘီပွဲမှာ အတော် ယိုယွင်း ပျက်ဆီးနေတဲ့ ချယ်ဆီးအသင်းကို မြင်တဲ့နောက် လမ်းပတ်ရဲ့ အသင်းဟာ ရှုပ်ထွေးလှတဲ့ ပြဿနာတို့ ပေါင်းစုံနေခဲ့ပြီလို့ ကာရေဂါက စိတ်ပျက်စွာ မှတ်ချက်ပြုလိုက်ပါတယ်။

ဂန်းနားတွေဟာ ယုံကြည်မှု ရှိရှိနဲ့ ပွဲကို စတင်လာခဲ့ပြီး ပြီးခဲ့တဲ့ လေးပွဲဆက် နိုင်ပွဲပျောက်နေမှုကို ချယ်ဆီးနဲ့ လန်ဒန် ဒါဘီပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပွဲချိန် ၃၄ မိနစ်အတွင်းမှာတင် ၃ဂိုး သွင်းကာ ဦးဆောင်နိုင်ခဲ့တာပါ။

ညကပွဲမှာ စကိုင်းစပေါ့ အစီအစဉ်နဲ့ အတူ ရှိနေတဲ့ ကာရေဂါ က ချယ်ဆီး ခြေစွမ်းကို မြင်ရချိန်မှာ အခုလို မှတ်ချက်ပြုလာခဲ့ပါတယ်။

” အာဆင်နယ် ဆီက လုံးဝ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရတယ်၊ ချယ်ဆီးကတော့ လုံးဝ ရှော့ခ် ရစရာပဲ။ ချယ်ဆီးကတော့ အခုနေမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ကလပ်အသင်း ဖြစ်နေပါပြီ” လို့ ကာရေဂါကြီးက ပြောဆိုခဲ့တာပါ။

ကာရေဂါရဲ့ တွဲဖက် ဖြစ်သူ ဂယ်ရီနဗီးလ်က ပွဲမတိုင်ခင်မှာ ဒီပွဲတော့ ချယ်ဆီး ပြန်ရုန်းထလာမှာပဲလို့ သူ့ ပြောဆိုမှုတွေ မှားခဲ့ကြောင်းကို တွစ်တာကနေ ဝန်ခံခဲ့ပါတယ်။

” ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်က ခက်ခဲတဲ့ သီတင်းပတ် တချို့ ရှိထားတော့ ဒီပွဲတော့ ချယ်ဆီး အသာပဲ လို့ ကျနော် မှန်းခဲ့တာ။ ဒါပေမယ့် အာဆင်နယ်က ယုံကြည်မှု အပြည့်နဲ့ကို ပြန်လာတယ်။ ချယ်ဆီးကတော့ လုံးဝ ရှက်ဖွယ်ပဲ။ ” လို့ နဗီးလ်က တွစ်တာကနေ ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အခုဆိုရင် လက်ကျန်ပွဲတွေကနေ ဘယ်နှမှတ် ရမှ တန်းဆင်းဖို့က လွတ်မလဲ ဆိုတာ ထိပါ တွက်ချက်နေရပြီ ဖြစ်ပါတယ်။