ချယ်ဆီးတို့ တစ်ကျော့ပြန် ဆုဖလား စိန်ခေါ်သူတွေ ဖြစ်လာရေး ဘာလုပ်ရမှာလဲ

ဖရန့်လမ်းပတ်က ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အောင်မြင်တဲ့ ချယ်ဆီးအသင်း လူစာရင်းအတွင်း သူပါဝင်ခဲ့ဖူးတာမို့ တော့ဘိုးလီတို့ အနေနဲ့ ကလပ်ကို အောင်မြင်စေချင်ရင် နောက်မန်နေဂျာသစ်နဲ့အတူ တည်ငြိမ်မှုကို ရှာရမယ်လို့ သတိပေးပါတယ်။

ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီး လမ်းပတ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတဲ့ ချယ်ဆီးဟာ လာမယ့်ရာသီမှာ ပိုချက်တီနိုကို မန်နေဂျာသစ် အဖြစ် တာဝန်ပေးမှာပါ။ ဒီရာသီမှာ အသုံးစရိတ် ပေါင် သန်း ၆၀၀ သုံးထားတဲ့ ချယ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီး၊ လီဗာပူးအပြင် ဒီကနေ့ည ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် အာဆင်နယ်တို့နဲ့အတူ လာမယ့်ရာသီမှာ ဆုဖလားတွေ အပြိုင် စိန်ခေါ်ဖို့ဆိုရင် ချယ်ဆီးက မန်နေဂျာလိုအပ်တဲ့ လူစာရင်းကို စုဖွဲ့ပြီး ကာလရှည် အစီအစဉ်နဲ့ သွားနိုင်ဖို့ လိုအပ်ပါတယ်။

ယာယီနည်းပြ ဖရန့်လမ်းပတ်ကပဲ ‘ ချယ်ဆီးအသင်း မန်နေဂျာ အပြောင်းအလဲတွေမှာ အသင်းသား တစ်ဦးအဖြစ် ကျနော် ပါဝင်ခဲ့ဖူးပါတယ်။ ကျနော် အောင်မြင်မှုကြီးတွေ ရခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။

ကျနော်က ပရီးမီးယားလိဂ်ဖလား ၃ လုံး အနိုင်ရခဲ့ပြီး ၅ ကြိမ်၊ ၆ ကြိမ်လောက်ထိကို အနိုင်ခဲ့သင့်တာပါ။ ကျနော်တို့ ပိုပြီး စွမ်းဆောင်ရည် တည်ငြိမ်မယ်ဆိုရင်၊ ဦးတည်ချက် တစ်ခုတည်းကို သွားမယ်ဆိုရင် ပိုအောင်မြင်ခဲ့နိုင်တယ်လို့ ခံစားမိတယ်။

လိဂ်ရဲ့ ထိပ်ဆုံးက အသင်းတွေကို ကြည့်မယ်ဆိုရင် မန်နေဂျာတွေက ကာလရှည် တာဝန်ယူထားသူတွေ ဖြစ်ကြပြီး သူတို့ လိုချင်တဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်နိုင်ကြပါတယ်။

မန်စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီးတို့ကို ကြည့်လိုက်လေ။ ဒီတော့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ထိပ်ဆုံးကို ရောက်လိုတယ်ဆိုရင် လိုက်လျောညီထွေ လုပ်နိုင်ရပါမယ်။ လက်တလောမှာ ကျနော်တို့ အဲ့လို လုပ်နိုင်နေခြင်း မရှိပါဘူး ‘ လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။