ချယ်ဆီးထံ ပြောင်းမိလို့ အချို့ ကစားသမားတွေ နောင်တရနေတယ်လို့ ဖော်ပြလာ

ချယ်ဆီးအသင်းထံ ရှည်လျားတဲ့ စာချုပ်တွေဖြင့် ပြောင်းရွှေ့လာကြခြင်းအတွက် စိတ်ကုန် စိတ်ပျက်နေကြတဲ့ ကစားသမားတွေ စတင် ပေါ်ထွက်လာနေပြီ ဖြစ်တဲ့အကြောင်း The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ချယ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပပွဲ ကစားရဖို့ မရှိတော့ပါဘူး။ အခုချိန်ထိ နည်းပြ ၄ ဦး ပြောင်းလဲထားပေမယ့် လမ်းကြောင်းတစ်ခု မပေါ်သေးတဲ့ ချယ်ဆီးအသင်းဟာ ရာသီကုန်မှာတော့ အမြဲတမ်း နည်းပြသစ် တစ်ဦး ပြောင်းလဲသွားဦးမှာပါ။

FFP စည်းမျဉ်းကို ကျော်လွှားဖို့အတွက် ကစားသမားတွေကို ၈ နှစ်ကနေ ၈ နှစ်ခွဲလောက် ရှည်လျားတဲ့ စာချုပ်တွေ ပေးခဲ့ပေမယ့် ဒီစာချူပ်တွေကပဲ နောင်တရစရာတွေ ဖြစ်လာခဲ့ပါတယ်။ ကစားသမားအချို့က ချယ်ဆီးရဲ့ ပရော်ဂျက်မှာ ကာလရှည် ပါဝင်ဖို့ သဘောတူခဲ့ပေမယ့် ပွဲကစားခွင့် မရတာကို စိတ်ပူလာကြတယ်။

ဇန်နဝါရီတုန်းက ခေါ်ယူခဲ့တဲ့ မူဒရစ်နဲ့ ဘတ်ဒီရာရှိုင်းတို့ဟာ ဒီရာသီ ချန်ပီယံလိဂ် လူစာရင်းမှာ မပါခဲ့ရပါဘူး။ ဒါ့အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားရခြင်း မရှိတာမို့ စာချုပ်ပါအချက်အရ လုပ်ခပိုင်း ၃၀% ဖြတ်တောက်ခြင်း ခံရဦးမှာ ဖြစ်ပါတယ်။

ဖိုဖာနာ၊ ကူကူရယ်လာ၊ မာဒူခီ၊ ဂက်စတို၊ ချူကွာမီကာတို့ကလည်း ချယ်ဆီးနဲ့ ၆ နှစ် စာချုပ်ရှည် ချုပ်ထားပြီး အတော်များများက နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ထားတာပါ။ ပွဲကစားခွင့်မရပါဘဲ ချယ်ဆီးမှာ ကာလရှည် ရှိနေရမှာကို သူတို့တွေ စိုးရိမ်လာနေကြတယ်လို့ သိရပါတယ်။