ချယ်ဆီး ကမောက်ကမ ဖြစ်နေတာ မြင်ရတော့ ဝမ်းသာမိတယ်လို့ မဖုံးနိုင် မဖိနိုင် ပြောလာတဲ့ ကလော့ပ်

ဒီရာသီ ချယ်ဆီးအသင်း ရုန်းကန်နေရမှုတဲ့ အပေါ် ဥပမာပေး ထောက်ပြလို့ ရခြင်းအတွက် နည်းနည်း ဝမ်းသာမိတယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာမှာပဲ ရပ်တည်နိုင်နေပြီး အန်ဇိုကို ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၀၅ သန်း၊ မူဒရစ်ကို ပေါင် ၈၈ သန်းဖြင့် ခေါ်ယူထားတာက အလုပ်မဖြစ်သေးပါဘူး။ ချယ်ဆီး ရုန်းကန်နေရခြင်းဟာ ပိုင်ရှင်တွေက နည်းပြတွေကို ပေးတဲ့ မဖြစ်နိုင်တဲ့ တာဝန်ကြောင့်လို့ ကလော့ပ်က ယုံကြည်နေတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီးကို ဥပမာယူပြီး ဒီနွေ ပြန်တည်ဆောက်မှုမှာ ကစားသမားတိုင်း ခေါ်ယူတာထက် အသင်းတစ်သင်းကို တည်ဆောက်ရမှာဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။

” ကျနော် ချယ်ဆီးနဲ့ပတ်သက်ပြီး ခံစားချက် နည်းနည်းရှိတာကို ဝန်ခံရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့ အဆင်ပြေ မနေဘူးလေ။ သူတို့က ထိပ်တန်းအသင်းပါ ဒါပေမယ့် ထိပ်တန်းအသင်းတိုင်း ထိပ်တန်းကစားသမား အများကြီးကို ခေါ်ပြီး အလုပ်ဖြစ်မယ်လို့ ထင်နေလို့ မရပါဘူး။

အသင်းတစ်သင်းကို တည်ဆောက်ရမှာပါ။ ချယ်ဆီးတာဝန်ရှိသူတွေက အဲ့တာကို လျော့တွက်ခဲ့ပြီး သူတို့ရဲ့ နည်းပြတွေကို မဖြစ်နိုင်လောက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးဖို့ တာဝန်ပေးခဲ့ကြတယ်။

အသင်း တစ်သင်းက အဝတ်လဲခန်း နှစ်ခုစာ လူအင်အား ရှိနေလို့ မရပါဘူး၊ ကွင်းနှစ်ကွင်းမှာ လေ့ကျင့်စေလို့လည်း မရပါဘူး။ ဆက်ဆံရေးတွေကို တည်ဆောက်ရမယ်၊ အသင်းလိုက် စိတ်ဓါတ်တွေနဲ့ အသင်းတစ်သင်းကို တည်ဆောက်ရမယ်။

လူများတိုင်း ပွဲမစည်ဘူးဆိုတာကို ချယ်ဆီးက သက်သေပြနေတာအတွက် ကျနော် နည်းနည်းလေး ပျော်ပါတယ်။ အဆုံး မှာတော့ ချယ်ဆီးက အဆင်ပြေသွားမှာပါ။ သူတို့က နောက်ရာသီ အင်အား တောင့်တင်းသွားပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ဥပမာယူရပါမယ်။ အမြင့်ဆုံး အဆင့်မှာ သူတို့လို သွားလုပ်လို့ မရပါဘူး။ ကျနော်တို့ လုပ်မှာ မဟုတ်ပါဘူး။

မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူခြင်းနဲ့ အသင်းတစ်သင်း တည်ဆောက်ရပါမယ်။ ကျနော်တို့ အသင်းက မယုံနိုင်စရာ ဇာတ်လမ်းကောင်းကို ရေထိုးထားနိုင်တယ်။ အခုတော့ အသင်းသစ် တစ်ခု ပြန်စတင်နေပါပြီ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ချယ်ဆီးအသင်းက ကစားသမား ခေါ်ယူမှု အတွ့် အသုံးစရိတ် ပေါင် သန်း ၆၀၀ ဝန်းကျင် အသုံးပြု ထားပါတယ်။ ချယ်ဆီးရဲ့ ပြဿနာတွေကြောင့် တူချယ် ထွက်ခွာရပြီး ဂရေဟမ်ပေါ်တာ လက်ထက်မှာ ပိုကြီးထွားလာခဲ့ကာ လက်ရှိ လမ်းပတ် လက်ထက်မှာတော့ လုံးဝကို နိုင်ပွဲမရ ဖြစ်လာခဲ့တာပါ။