Arsenal v Chelsea ပွဲက ဂိုးမများပါဘူး ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

ဒီအပတ် အာဆင်နယ် – ချယ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

Arsenal v Chelsea

ခရစ်ဆက်တန် သုံးသပ်ချက်။ ။ ဖရန့်လမ်းပတ်က ရည်ရွယ်ချက်ကောင်းတွေနဲ့ ချယ်ဆီးမှာ ပြန် တာဝန်ယူလိုက်တာပါ။ ဒါပေမယ့် သူ့ရဲ့ ယာယီ နည်းပြ ဘဝကတော့ ၅ ပွဲ ကစား ၅ ပွဲ ရှုံးရလဒ်တွေနဲ့ ကပ်ဆိုက်နေပါတယ်။ သူ လုံးဝ စုံးစုံးမြုပ်နေတာကို ဘယ်လိုမှ ကောင်းတဲ့ ဘက်က ရှုမြင်စရာ မရှိပါဘူး။

အားလုံးက ပိုချက်တီနို နည်းပြ ဖြစ်လာမယ် ပြောနေကြပေမယ့် လက်ရှိ တာဝန်ယူနေတာက ဖရန့်ပါ။ ဒီ အခြေအနေ ကနေ သူ ဘာလုပ်နိုင်မလဲ ကျနော်တော့ မသိတော့ဘူး။

သူ့ကို ကျရှုံးသွားစေတာက ရီးရဲလ်မက်ဒရစ်ကို ရှုံးတဲ့ ပွဲတွေကြောင့် မဟုတ်ဘူး။ ဝုဗ်ကို ရှုံးလိုက်တာ၊ ဘရိုက်တန်ကို မယှဉ်နိုင်တာ၊ နောက်ပြီး အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ရှုံးလိုက်တာ။ အခုဆို ဘရန့်ဖို့ဒ်ကတော့ ချယ်ဆီး အထက် ၈ မှတ် အသာမှာ ရှိနေတယ်။ ဒါမျိုး ဖြစ်လာမယ် လို့ ဘယ်သူ ထင်ခဲ့မှာတဲ့လဲ ?

ပြသနာတွေ ရှိနေတာက ချယ်ဆီး တသင်းတည်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ကတော့ ပြသနာ အကြီးဆုံး ရှိနေတဲ့ အသင်းပေါ့။ အာဆင်နယ်မှာလည်း ပြသနာတွေ ရှိပါတယ်။ သူတို့ ယုံကြည်မှုတွေက တစစီ ပြန့်ကြဲနေသလိုပဲ လို့ ကျနော် မြင်တယ်။

ချန်ပီယံ အဆုံးဖြတ် ဖြစ်ခဲ့တဲ့ စီးတီးနဲ့ ပွဲမှာ ဒီလောက် ဂိုးပြတ် ရှုံးသွားတာက အာဆင်နယ်ကို ဘယ်လောက် ထိခိုက် နာကျင်သွားစေလဲ ကျနေ်ာတို့ မသိဘူး။ အခြေအနေကို မကြာခင် မြင်လာရတော့မှာပါ။

ဒါကြောင့် ဒီပွဲက ပြောရခက်ကြီး ဖြစ်နေတယ်။ ချယ်ဆီးကလည်း အတော် အခြေအနေ ဆိုးဆိုး ကြုံထားတော့ ဖိအားက ကုန်သလောက် ဖြစ်နေပြီ။ တဖက်မှာ ဂန်းနားတို့ကတော့ ရာသီကုန်ထိ တောင့်တောင့်တင်းတင်း သွားချင်နေတယ်။

ဒီပွဲက အရမ်းတော့ ကြမ်းမှာ မဟုတ်ဘူး၊ ဂိုးလည်း သိပ် မများလောက်ဘူး။ ဒီပွဲမှာ အာဆင်နယ်တို့ ပြန် အဖတ်ဆယ်နိုင်လိမ့်မယ် လို့ပဲ ကျနော် ရွေးချယ်လိုက်ပါမယ်။ သူတို့ နိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၁ ချယ်ဆီး။