ဂိုးမသွင်းတတ်တဲ့ ချယ်ဆီးကို အာဆင်နယ်က အပြတ်တီးလိမ့်မယ်လို့ ပေါမာဆန် ဟောကိန်းထုတ်

လွန်ခဲ့တဲ့ ၇ နှစ်က ဒီလိုရက်လောက်မှာ ချယ်ဆီးအသင်းဟာ စပါးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်လု အခြေအနေကို ဖျက်ဆီးခဲ့တာပါ။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ချယ်ဆီးက အဆင့် ၁၀ နေရာမှာပဲ ရှိခဲ့ပေမယ့် သူတို့ရဲ့ ဒုက္ခပေးမှုကြောင့် စပါးဟာ အဆင့် ၃ ထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

တူညီတဲ့ ကိစ္စကို ဒီရာသီမှာလည်း ချယ်ဆီးအသင်း လုပ်ဆောင်လာနိုင်ပြီး လန်ဒန်ပြိုင်ဘက် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းက ချော်ထွက်သွားအောင် ဟန့်တားခွင့် ရပြန်ပြီဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါမာဆန်ကတော့ ဂိုးမသွင်းတတ်တဲ့ ချယ်ဆီးဟာ အာဆင်နယ် ပြုသမျှ နုရမယ်လို့ အခုလို ခန့်မှန်းခဲ့ပါတယ်။

ပေါမာဆန်က ” အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ် မထင်ပါဘူး။ ဒီပွဲကို ချယ်ဆီးတို့ အနိုင်ရရင် အံ့ဩ ထိတ်လန့်မိမှာပါပဲ။

ချယ်ဆီးရဲ့ ပွဲစဉ်ဇယားကို ကြည့်ပြီး သူတို့ နိုင်ပွဲ ဘယ်ပွဲဖြစ်မလဲ ကျနော် ရှာဖွေနေမိတယ်။ သေချာတာကတော့ ဖောရက်စ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့ပွဲ ဖြစ်လောက်ပါတယ်။ ဒါက သူတို့ ရင်ဆိုင်ရမယ့် အလွယ်ကူဆုံး ခံစစ်ပါ။

အာဆင်နယ် အနိုင်ဆိုတာကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ချယ်ဆီးရဲ့ တောင့်တင်းတဲ့ လူစာရင်းက သူတို့ ရောက်သင့်တဲ့ အနေအထားမှာ ရှိမနေဘူး။ ချယ်ဆီးက အထောင်တိုက်စစ်မှူးကောင်း မရှိပါဘူး။ ဂိုးဘယ်လို သွင်းရမယ် ဆိုတာကို သူတို့ မသိပါဘူး ” ဆိုပြီး ပြောဆိုခဲ့တယ်။

သူ့ရဲ့ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် 2-0 ချယ်ဆီးပဲ ဖြစ်ပါတယ်။