လက်တလော ရုန်းကန်နေရပေမယ့် ချယ်ဆီးက ကြီးကျယ်ခမ်းနားတဲ့ အသင်း ပြန်ဖြစ်လာနိုင်ပါသေးတယ်

ချယ်ဆီးနဲ့ ဘရန့်ဖိုဒ့်တို့ ထိပ်တိုက်တွေ့ခြင်းဟာ လန်ဒန်ဒါဘီပွဲဖြစ်တာမို့ ဂုဏ်သိက္ခာအရ ချယ်ဆီးတို့ ရုန်းကစားမယ်လို့ ထင်ခဲ့ကြပေမယ့် အထင်နဲ့ အမြင်ဟာ ကွာခြားကြောင်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ ၂-၀ ဖြင့် အရေးနိမ့်ခြင်းနဲ့အတူ လမ်းပတ်ရဲ့ အသင်းက သက်သေထူခဲ့ပါတယ်။

အနောက်မြောက် လန်ဒန် အသင်းငယ်ဖြစ်တဲ့ ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်အပြီး ချယ်ဆီးက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်း ပြန်ဖြစ်လာနိုင်သေးလား အမေးကို လမ်းပတ်က ” ဖြစ်လာနိုင်ပါတယ် ” လို့ တုန့်ပြန်ပါတယ်။

ချယ်ဆီး ယာယီနည်းပြ လမ်းပတ်ကပဲ ဆက်လက်ပြီး ” အသစ်ခေါ်ထားတဲ့ ကစားသမား အချို့က လူငယ်တွေမို့ သူ့တို့အတွက် အချိန်လိုပါတယ်၊ သူတို့အတွက် မလွယ်ပါဘူး။ ဟန်ချက်ညီမှုကို ကျနော်တို့ ရှာဖွေနေတယ်။ ဒီအခိုက်အတန့် ဘောလုံးလောကမှာ လူတိုင်းက ကာလတိုလောက်ပဲ မြင်နေကြပါတယ်။

ကစားသမားတွေ အစွမ်းကုန် ပေးဆပ်ကစားခဲ့တာအတွက် ကျနော်ကတော့ ဂုဏ်ယူတယ်။ ပရိသတ်တွေကလည်း ဒါကို နည်းနည်းလေးမှ သံသယရှိမှာ မဟုတ်ပါဘူး။ ချယ်ဆီးဟာ ဂုဏ်သိက္ခာရှိနေဆဲဖြစ်ပြီး ကျနော်တို့ ဆက်ပြီး ကြိုးစားနေမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီဟာ ၂၁ ရာစုအတွင်း ချယ်ဆီးရဲ့ အဆိုးရွားဆုံး ဘောလုံးရာသီ ဖြစ်လာခဲ့ကာ လမ်းပတ်ကလည်း ယာယီနည်းပြအဖြစ် ကိုင်တွယ်တဲ့ ၅ ပွဲအတွင်း ၁ ပွဲမှ မနိုင်သေးဘဲ ပွဲတိုင်း ရှုံးထားကာ တိုက်စစ်က ၁ ဂိုးပဲ ရထားတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ကလပ်ကို တာဝန်ယူပေးမယ့် အမြဲတမ်း နည်းပြကို ရှာဖွေနေကာ လာမယ့် အပတ်မှာ ပိုချက်တီနိုကို နောက်ရာသီ တာဝန်ယူပေးမယ့်သူအဖြစ် ကြေညာဖွယ် ရှိနေတာ ဖြစ်ပါတယ်။