ဗီလာရီးရဲလ်က ကျနော်တို့ကို အနိုင်ယူသွားရင် သူတို့ကို ဂုဏ်ပြုပေးကြပါဆိုတဲ့ ကလော့ပ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ဒုတိယအကျော့အဖြစ် ဗီလာရီးရဲလ်ပွဲ မတိုင်ခင်မှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပွဲနဲ့ ပတ်သက်လို့ မီဒီယာတွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

ဒီပွဲဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် အရေးကြီးဆုံး ပွဲစဉ်ဖြစ်တယ်လို့ ကလော့ပ်က သတိပေးစကား ပြောဆိုခဲ့ပြီး အိမ်ကွင်းမှာ အစွမ်းကုန် အားထုတ်လာမယ့် စပိန်ကလပ်ကို ကောင်းမွန်စွာ တုန့်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ ရှင်းပြခဲ့တယ်။

ဒုတိယအကျော့နဲ့ ပတ်သက်လို့ မေးခံရချိန်မှာ ကလော့ပ်က ” ရလဒ်က ပြီးသွားပြီလား? ငယ်တုန်းကဆိုရင်တော့ ဒီမေးခွန်းအတွက် ဒေါသဖြစ်မိမှာပဲ။ ဘယ်လိုလုပ် ပြီးဦးမှာလဲ။ ကျနော်တို့ သူတို့ကွင်းထံသွားပြီး အနိုင်ရအောင် ကြိုးစားရဦးမယ်။ ဗီလာရီးရဲလ်က သူတို့မှာ ရှိသမျှ အစွမ်းကုန် အားထုတ်မယ်ဆိုတာ အားလုံး သိပါတယ်။

ဒါက ဆီမီးဖိုင်နယ်ပါ။ ဗိုလ်လုပွဲကို ကစားနိုင်ဖို့ အခက်ခဲဆုံးသော ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒီပွဲကို လွယ်ကူလွန်းနေမယ်လို့ ဘယ်တော့မှ မတွေးပါဘူး။ ဗိုလ်လုပွဲကို ရောက်မလားဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမယ့် အိမ်ကွင်းမှာ ပွဲကောင်းတစ်ပွဲ ကစားထားရပြီး ဒီပွဲကိုလည်း ကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။

ကျနော်တို့မှာ အသင်းကောင်းတစ်သင်း ရှိပေမယ့် ကံကောင်းဖို့ လိုအပ်တယ်။ ဂရုတစိုက်နဲ့ အဆင်သင့် ဖြစ်နေရပါမယ်။ အကယ်လို့ ဗီလာရီးရဲလ်က ကျနော်တို့ကို အနိုင်ယူသွားမယ်ဆိုရင် ဂုဏ်ပြုပေးလိုက်ဖို့ပဲ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီပွဲမှာ ဗီလာရီးရဲလ်က အကောင်းဆုံး တုန့်ပြန်လာမယ်ဆိုတာကို ကလော့ပ်က စဉ်းစားထားတယ်။ အထူးသဖြင့် ဖလားပွဲတွေမှာ သိပ်ကောင်းလေ့ရှိတဲ့ အူနိုင်း အမ်မရီဟာ ပထမအကျော့က အခြေအနေတွေကနေ သင်ယူလာလိမ့်မယ်လို့ ကလော့ပ်က မြင်ပါတယ်။

” ရင့်ကျက်မှုပိုင်းနဲ့ အတွေ့အကြုံက အရေးကြီးပါတယ်။ ဒါပေမယ့် မနက်ဖြန်ညမှာ အရာရာတိုင်းကို လိုအပ်ပါတယ်။ သိပ်ကောင်းတဲ့ပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်။ ဗီလာရီးရဲလ်ကို ပထမအကျော့မှာထက် ပိုပြီး ကစားခွင့်တွေ ပေးရနိုင်ပါတယ်။

အူနိုင်းက အချို့အရာတွေကို အချေကျနိုင်အောင် ကြိုးစားမှာပါ။ ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းနေမှာဖြစ်ပြီး ရင့်ကျက်မှုက အရေးကြီးပေမယ့် အဲ့တာ တစ်ခုတည်းတင် မဟုတ်ပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။