လီဗာပူးအသင်းကနေ ထွက်ခွာရင် ဆာလာ ဦးတည်မယ့် နှစ်နေရာကို ဖော်ပြမှု ထွက်ပေါ်

မိုဆာလာကို သက်တမ်းတိုးဖို့ လီဗာပူးအသင်းရဲ့ ကြိုးစားနေမှုဟာ သေချာမှု မရှိသေးဘဲ အခြားသော လိဂ်တွေထံ ပြောင်းရွှေ့သွားတာမျိုး ဖြစ်နိုင်ကြောင်းကို တယ်လီဂရပ်က ဖော်ပြပါတယ်။

ဒီကနေ့တွေမှာ လီဗာပူးအသင်းနဲ့ မီလ်နာကြား ၁ နှစ် သက်တမ်းတိုးနိုင်ရေး ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းနဲ့အတူ ဆာလာရဲ့ ကိစ္စပါ ထပ်မံ ပါဝင်လာတာဖြစ်တယ်။ လီဗာပူးနဲ့ မီလ်နာရဲ့ အေးဂျင့်တို့က သက်တမ်းတိုးကိစ္စ စကားပြောနေပြီး ကလော့ပ်ရဲ့ တိုက်တွန်းမှုနဲ့အတူ စွယ်စုံရ ကစားသမားကြီးကို အသင်းမှာ ဆက်ထိန်းရေး ညိနှိုင်းနေကြပါတယ်။

အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူဟာ ကလော့ပ်ရဲ့ အသင်းမှာ အရေးပါသူဖြစ်ပြီး နည်းပြကြီးကတော့ လာမယ့်ရာသီမှာလည်း မီလ်နာကို ဆက်ရှိနေစေချင်နေတာဖြစ်တယ်။ မီလ်နာကိုယ်တိုင်က ဘောလုံးဆက်ကစားလိုနေသေးပြီး လီဗာပူးဘက်က ကမ်းလှမ်းမှုကို လက်ခံသွားမလား စောင့်ကြည့်ရပါမယ်။

၂၀၂၃ ဇွန်မှာ သက်တမ်းကုန်မယ့် ဆာလာစာချုပ်ကို အခုချိန်ထိ လီဗာပူးဘက်က ကောင်းမွန်တဲ့ ဆွဲဆောင်မှုတွေ မလုပ်နိုင်သေးပါဘူး။ ကလပ်ဟာ ဆာလာနဲ့ ပတ်သက်လို့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ရမယ်ဆိုတာ နားလည်ထားတယ်။ ဒီနွေမှာ ကလပ်နဲ့ စာချုပ် ၁၂ လပဲ ကျန်တော့တဲ့ ဆာလာကလည်း စာချုပ်ကိစ္စ သဘောတူညီမှု ရမယ်ဆိုရင် လီဗာပူးမှာ ဆက်နေဖို့ စိတ်ဆန္ဒရှိနေဆဲဖြစ်တယ်။

ဒါပေမယ့် ၂၀၁၇ တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ခေါ်ယူခဲ့ရတဲ့ ဆာလာကို စာချုပ်ကုန်မှ အလွတ်ဖြင့် ထွက်ခွင့်ပေးခြင်းကို လီဗာပူးအသင်းက ရွေးချယ်မှာ မဟုတ်ဘဲ သက်တမ်းတိုးမှု ညိနှိုင်းမရရင် ဒီနွေမှာတင် ရောင်းထုတ်မှာဖြစ်တယ်။

လီဗာပူးက စေးျကွက်တွင်း အခြေအနေတွေကို လေ့လာနေပြီး ဆာလာကို အလွတ်ဖြင့် ထွက်ခွင့် မပေးဖို့ကို စီစဉ်ထားပါတယ်။ စိန်ခေါ်မှုတွေနဲ့အတူ ဥရောပ ထိပ်တန်းလိဂ်မှာ ဆက်ကစားလိုသေးတဲ့ ဆာလာကတော့ အခြားသော ရွေးချယ်စရာအဖြစ် ပြင်သစ်နဲ့ စပိန်ဘက်ကို ဦးလှည့်နိုင်ကြောင်း အဆိုပါသတင်းက ဖော်ပြခဲ့တယ်။

ဘာပေးရဲ့ အနာဂတ်အပေါ် မူတည်ပြီး ဆာလာဟာ ပီအက်စ်ဂျီကို ရွေးချယ်နိုင်သလို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြဆဲပါ။

လက်တလောမှာ လီဗာပူးအသင်းက အရေးပါတဲ့ ပွဲစဉ်တွေကို ကစားနေရတာမို့ ဆာလာရဲ့ အနာဂတ် ကိစ္စဟာ အတန်ငယ် ငြိမ်သက်နေတာဖြစ်ပြီး ဒီအကုန်မှာတော့ ဆွေးနွေးမှုဆိုင်ရာ သတင်းတွေ ထပ်မံ ပေါ်ထွက်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။