ဘလွန်းဒီအောဆုနဲ့ အနီးဆုံး အခြေအနေရောက်အောင် ဘယ်လို သွားမလဲ မာနေး တုန့်ပြန်

၂၀၂၂ ခုနှစ် အာဖရိကဖလား ချန်ပီယံဖြစ်သလို ဆီနီဂေါအသင်းကို ကမ္ဘာဖလား ခြေစစ်ပွဲထံ ပို့ဆောင်ပေးခဲ့တဲ့ မာနေးဟာ ဘလွန်းဒီအောဆုအတွက် မေးမြန်းခံရမှုတွေ ရှိနေပါပြီ။

ဒီရာသီ လီဗာပူးအသင်းနဲ့အတူ လိဂ်ဖလားကို အနိုင်ရထားတဲ့ မာနေးဟာ ထပ်ပြီးလည်း ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေကို မျှော်လင့်နိုင်ပါသေးတယ်။ အမှတ်ပေးပွဲ လက်ကျန် ၄ ပွဲကို လီဗာပူးအသင်း အနိုင်ရပြီး မန်စီးတီးက တစ်ပွဲပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင် ရာသီကုန် အန်ဖီးကွင်းမှာ အသင်းနဲ့အတူ အောင်ပွဲခံဖို့ အခွင့်အရေးလည်း ရှိနေသေးတာပါ။

ဘလွန်းဒီအော ရေပန်းစားမှုအကြောင်းကို ဘီဘီစီနဲ့ အင်တာဗျူးမှာ မေးခံရချိန် မာနေးက ” လီဗာပူးအသင်းနဲ့အတူ အရာအားလုံးကို အနိုင်ရချင်ပါတယ်။ ကျနော်က ဖိုက်တာတစ်ယောက်ပါ။ အရာအားလုံးအတွက် ကျနော် တိုက်ခိုက်ချင်ပါတယ်။

ကျနော် ပရီးမီးယားလိဂ်ကို အနိုင်ရချင်တယ်။ ချန်ပီယံလိဂ်ကို အနိုင်ရချင်တယ်။ အက်ဖ်အေဖလားကိုလည်း အနိုင်ရချင်ပါတယ်။ ကျန်တာကတော့ သူ့သဘောသဘာဝအရ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ တုန့်ပြန်သွားခဲ့တယ်။

နည်းပြ ကလော့ပ်ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ကို အသင်း အောင်မြင်မယ်ဆိုရင် မာနေး (သို့) လီဗာပူးကစားသမား တစ်ဦးဦးက ဘလွန်းဒီအောဆုကို စိန်ခေါ်နိုင်မယ်လို့ မြင်ပါတယ်။ သူကတော့ ဒီရာသီ ချန်ပီယံလိဂ်ကို အရင်ဆုံး အနိုင်ရပြီးမှ ဒီအကြောင်းကို ဆက်ပြောလိုနေတာ ဖြစ်ပါတယ်။

ကလော့ပ်က “ မာနေးက ကစားသမားကောင်းဖြစ်သလို ကောင်းမွန်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားပါတယ်။ ဘလွန်းဒီအော ဆန်ကာတင် ကိစ္စအတွက် ကျနော် လုပ်နိုင်တာ မရှိပါဘူး။ အဲ့ဆုအကြောင်း နားမလည်ပါဘူး။

မာနေးက ကမ္ဘာအဆင့်ဖြစ်ပေမယ့် ဘောလုံးရာသီ မပြီးသေးတာကြောင့် ဘယ်လို ပြောရမယ် ကျနော် မသိဘူး။ အစဉ်အလာအရ ဘလွန်းဒီအောဆုကို အနိုင်ရဖို့ဆိုတာ တစ်ခုခုကို အောင်မြင်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ လိုပါမယ်။ ကျနော်တို့က ဒီရာသီ ချန်ပီယံလိဂ်ကို မအောင်မြင်သေးတော့ မပြောနိုင်သေးပါဘူး ” လို့ မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။