လီဗာပူးအသင်းက အခြားသော အဆင့်မှာရှိနေတဲ့ အသင်းပါလို့ ချီးကျူးတဲ့ ဘရူနို ဂွီးမားရက်စ်

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီးမားရက်စ်က အိမ်ကွင်းမှာ သူတို့အသင်းကို အနိုင်ယူခဲ့တဲ့ လီဗာပူးအသင်းလို အဆင့်အတန်းကို ရောက်လာဖို့ မျှော်လင့်ထားကြောင်း ထုတ်ပြောလာပါတယ်။

ဒီရာသီ အစောပိုင်းမှာ တန်းဆင်းဇုန် တစ်နေရာမှာ ရှိနေခဲ့တဲ့ နယူးကာဆယ်ဟာ ပိုင်ရှင်သစ်တွေနဲ့အတူ နည်းပြအတ်ဒီဟောင် လက်အောက် ထိပ်ဆုံး ၁၀ သင်း စာရင်းထဲ ပါဝင်လာနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ နယူးကာဆယ်ဟာ ပိုကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာဖြစ်ပြီး လာမယ့် ရာသီတွေမှာ ဥရောပဝင်ခွင့်ကို ဆုပ်ကိုင်ဖို့ မျှော်လင့်နေတာဖြစ်တယ်။

ဒါ့အပြင် လာမယ့်နှစ်တွေမှာ ကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေရဲ့ ထောက်ခံမှုနဲ့အတူ မြင့်မားတဲ့ အဆင့်ကို မျှော်လင့်နေတဲ့ ဘရာဇီး ကွင်းလယ်လူ ဂွီးမားရက်စ်က လီဗာပူးအသင်းအပေါ် အထင်ကြီးစွာ မှတ်ချက်ပေးပါတယ်။

ဂွီးမားရက်စ်က ‘ ကျနော် ပြောနိုင်တာက ကိစ္စတွေ အားလုံးမှာ လီဗာပူးအသင်းဟာ အခြားသော အဆင့်ကို ရောက်နေတဲ့ ကလပ်ဖြစ်ပါတယ်။

သူတို့နဲ့ ယှဉ်ပြိုင်ရာမှာ ကျနော်တို့က နိုင်ပွဲရဖို့ မထိုက်တန်ဘူးဆိုတာ ရှင်းပါတယ်။ အဲ့လို အဆင့်ကို ရောက်လာဖို့ ကျနော်တို့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ဘောလုံးနဲ့အတူ ပိုပြီး ကစားဖို့ လိုအပ်ပါတယ်။ ကျနော်ရဲ့ အမြင်မှာတော့ ကျနော်တို့က ကိုယ်ဘာသာ အများကြီး မျှော်လင့်ထားပါတယ်။

ကျနော်တို့ မျှော်လင့်ထားတာတွေက ကြီးမားပါတယ်။ ကျနော်တို့က စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့နဲ့ တူညီတဲ့ အဆင့်အတန်းမှာ ကစားလိုပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လီဗာပူးကို အရေးမနိမ့်ခင်မှာ အိမ်ကွင်း ၆ ပွဲဆက် အနိုင်ရလဒ်ကို ရယူထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ လာမယ့်ပွဲအဖြစ် မန်စီးတီးအသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ လီဗာပူးအသင်းကတော့ စပါးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ပြင်းထန်တဲ့ သီတင်းပတ် တစ်ခုကို ကျော်ဖြတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။