ယူနိုက်တက်ပွဲမှာ အဓိက နေရာကြီး ၃ ခုအတွက် ကလော့ပ် ရွေးချယ်နိုင်တဲ့ အပြောင်းအလဲများ

လီဗာပူးဟာ စနေနေ့က အက်ဖ်အေဖလား ဆီမီးဖိုငနယ်မှာ မန်စီးတီးကို အနိုင်ရခဲ့တာနဲ့အတူ ကလပ်ရဲ့ ဖလားလေးလုံး စိန်ခေါ်မှုကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။

ကိုနတေးရဲ့ အားပြင်းတဲ့ ခေါင်းတိုက်ချက်၊ မာနေးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဝင်ဘာလေမှာ ၃-၂ နဲ့ အနိုင်ရခဲ့တာပါ။ အင်္ဂါနေ့မှာ မတူညီတဲ့ ပြိုင်ပွဲတစ်ရပ်အဖြစ် လီဗာပူးက ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ရင်ဆိုင်ရတဲ့အခါ အနိုင် ၃ မှတ်ရယူပြီး ဂွာဒီယိုလာအသင်းရဲ့ ပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ကို ယာယီတက်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲအတွက် နည်းပြယာဂင်ကလော့ပ် ပြုလုပ်နိုင်တဲ့ အပြောင်းအလဲတွေထဲက ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် သုံးနေရာအတွက် လက်တလော အခြေအနေကို လေ့လာကြည့်ရအောင်ပါ။

မာတစ်နဲ့ ကိုနတေး

အခုကနေ ရာသီကုန်ကြား ပြည့်ကျပ်နေတဲ့ ပွဲချိန်တွေနဲ့အတူ နည်းပြကလော့ပ်ဟာ အဓိက ကစားသမားတွေကို အနားပေးရမယ့် အချိန်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ အက်ဖ်အေပွဲမှာ မာတစ်ကို အနားပေးခဲ့ပြီး ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ်မှာ ကိုနတေးကို တွဲဖက်ကစားစေခဲ့ပါတယ်။

လီဗာပူးရဲ့ နောက်ဆုံး လိဂ် ၁၈ ပွဲမှာ ၁၆ ပွဲထိ ပွဲထွက်ခဲ့တဲ့ မာတစ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ပွဲကစားခွင့်ရဖို့ ရှိနေပေမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အပါအဝင် အချို့သော ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရဖို့ မသေချာပါဘူး။ မနှစ်ကရတဲ့ သင်ခန်းစားတွေအရ ခံစစ်သမားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းရေးဟာ ကလပ်ရဲ့ ဦးစားပေးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဓိက ခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်တို့နဲ့အတူ ပွဲထွက်ခွင့် တစ်နေရာကို ကိုနတေး ပြိုင်ဆိုင်သွားမှာဖြစ်ပြီး ဂျိုးဂိုမက်ကလည်း နောက်ထပ် ရွေးချယ်စရာတစ်ခုပါ။

ခံစစ်ကြောင်းအရဆိုရင်တော့ ဘင်ဖီကာနဲ့ပွဲမှာ အထင်ကြီးစရာ ကောင်းခဲ့တဲ့ ကိုစတက်ဟာ ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်ကို တွန်းအားပေးနိုင်နေပေမယ့် စကော့သားကို ကျော်နိုင်ဦးမှာ မဟုတ်ပါဘူး။ ထရန့်က ညာအစွန်မှာ ပုံစံကောင်းရနေပြီး အယ်လီဆန်ကလည်း ဒီရာသီ လက်ကျန်ပြိုင်ပွဲတွေမှာ ဂိုးပေါက်ကို ဆက်လက် ကာကွယ်သွားမှာပါ။

တက်ကြွလန်းဆန်းတဲ့ ကွင်းလယ်

ဖာဘင်ညို၊ သီယေဂိုနဲ့ ကိတ်တာတို့ရဲ့ ကွင်းလယ်က ဝင်ဘာလေမှာ သိပ်ကောင်းခဲ့ပေမယ့် ကလော့ပ်က ကွင်းလယ်အင်ဂျင်ခန်းကို ရာနှုန်းပြည့် စိတ်ချလိုမှာဖြစ်ပါတယ်။ သမ္ဘာနဲ့ စီနီယာ ပုံမှန် ရောထွေးပစ်နေကျ ပုံစံမျိုးတွေ ထပ်လုပ်လာနိုင်ပေမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်နေတဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ကပဲ ဖာဘင်ညို၊ သီယေဂိုနဲ့ တွဲဘက် ကစားခွင့်ရဖို့ အဖြစ်နိုင်ဆုံးပါ။

အခြားသော ကွင်းလယ်လူတွေကလည်း တက်ကြွဖျတ်လတ်တဲ့ ခြေထောက်တွေ ရှိနေမှာ အသေအချာပါပဲ။ ကိတ်တာပြီးနောက် ပွဲကစားခွင့်ရနိုင်တဲ့ ကွင်းလယ်လူဖြစ်တဲ့ ကာတစ်ဂျုံးဟာ နောက်ဆုံး လိဂ် ၆ ပွဲမှာ ၂ ကြိမ် ပွဲထွက်ခွင့်ရခဲ့ပြီး အိုးထရက်ဖို့ဒ်က ပထမအကျော့မျာ တစ်နာရီကျော် လူစားဝင်ကစားခဲ့ပါတယ်။

မီလ်နာကတော့ ဇန်နဝါရီ ၂ ရက်နောက်ပိုင်း လိဂ် ပွဲထွက်ခွင့် မရသေးပါဘူး။ ချိန်ဘာလိန်ဟာ ဇန်နဝါရီနောက်ပိုင်း ၃ ပွဲသာ ကစားခဲ့ရပြီး စီးတီးနဲ့ နောက်ဆုံး ၂ ပွဲမှာ အရံခုံတောင် မထိုင်ခဲ့ရပါဘူး။ ဟာဗေး အယ်လီးယော့ကတော့ ဒဏ်ရာကနေ ပြန်လာပြီးကတည်းက တစ်ပွဲသာ လူစားဝင် ကစားခဲ့ရသလို ဒီရာသီမှာတော့ ကြံ့ခိုင်မှု ပြန်တည်ဆောက်ရေးပဲ ဦးစားပေးရမှာပါ။

ဖာမင်နို ပြန်လာနိုင်ခြင်း

မကြာသေးမီကစလို့ မာနေးရဲ့ ဗဟိုတိုက်စစ်မှူး နေရာကနေ တောက်ပလာတဲ့ ပုံစံကောင်းတွေဟာ ကလော့ပ်အတွက် မမျှော်လင့်ထားတဲ့ အပိုရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဖာမင်နိုဟာ ယူနိုက်တက်နဲ့ ပထမအကျော့မှာ အတော်လေး အထင်ကြီးစရာ ဖြစ်ခဲ့ပြီး ဘင်ဖီကာနဲ့ နောက်ဆုံးပွဲထွက်ခဲ့တုန်းကလည်း ၂ ဂိုး သွင်းယူခဲ့တာပါ။ လီဗာပူးတိုက်စစ်မှာ ဖာမင်နိုဟာ ခြားနားတဲ့ ဦးဆောင်သူ ဖြစ်နေဆဲပါ။

ဂျိုတာကလည်း ဗဟိုနေရာမှာ ကစားနိုင်သလို ဘယ်တောင်ပံအတွက်ပါ ရွေးချယ်လို့ ရပါတယ်။ နောက်ပြီး ဘယ်ခြမ်းဆိုတာက ဝင်ဘာလေမှာ လူးဝစ်ဒီယက်စ် တောက်ပခဲ့တဲ့ နေရာပါ။ ဖိအားတွေများနေတဲ့ ဆာလာကတော့ ကလော့ပ်ရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့နောက် ညာတောင်ပံမှာ ဆက်လက် ပါဝင်ခွင့်ရနိုင်ပါတယ်။

ဒါက တိုက်စစ်ကြောင်းက သုံးနေရာအတွက် ကစားသမား ၅ ဦးကြားက နေရာ ပြိုင်ဆိုင်မှုတွေဖြစ်ပြီး အိုရီဂီနဲ့ မီနာမီနိုတို့က ပြီးခဲ့တဲ့အပတ်က အရံခုံမှာတောင် မထိုင်ခဲ့ရတာ ဖြစ်ပါတယ်။