ယူနိုက်တက် ချန်ပီယံလိဂ် ဝင်ချင်ရင်တောင် လီဗာပူးထံကနေ အမှတ် မရစေရဘူးလို့ ကလော့ပ် သတိပေး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီအပတ် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ကမ္ဘာအကြီးကျယ်ဆုံး ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ခြင်းလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ သမိုင်းကြောင်းအရ ပြင်းထန်တဲ့ အားပြိုင်မှုတွေ ရှိခဲ့ကြကာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကို အင်္ဂလန်ဒါဘီလို့ တင်စားလေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာ ယူနိုက်တက်က သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် တိုက်ခိုက်လာမှာကို ကလော့ပ်က နားလည်ထားပေမယ့် တစ်မှတ်တောင် ပေးလိုက်လို့ မရဘူးလို့ ပြောဆိုခဲ့တယ်။

ယူနိုက်တက်ပွဲကြိုမှာ ကလော့ပ်က ” ဒါက ပွဲကြီးတစ်ပွဲပါ။ သိပ်ကြီးကျယ်တဲ့ပွဲပါ။ ကမ္ဘာအကြီးကျယ်ဆုံး ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ခြင်းဖြစ်ပါတယ်။

စပိန်က ကလပ်နှစ်သင်းနဲ့ ခြားနားတယ်လို့ ပြောကောင်း ပြောကြမှာပေါ့။ ဒါပေမယ့်လို့ ကမ္ဘာ အကြီးကျယ်ဆုံး ကလပ်နှစ်သင်းက အချင်းချင်း ထိပ်တိုက်တွေ့ကြတဲ့ပွဲဆိုတာ သေချာပါတယ်။ သိပ်ကိုကြီးမားတဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိထားတယ်။ အတိတ်ကလည်း ကြီးကျယ်စွာ တိုက်ခိုက်ခဲ့သလို လီဗာပူးကို ရောက်လာပြီးတည်းက ကြီးကြီးမားမား ယှဉ်ပြိုင်ထားရပါတယ်။

ယူနိုက်တက်ကို ရင်ဆိုင်ပြီး ကျနော်တို့ ရှုံးခဲ့တဲ့ပွဲတွေ ရှိပါတယ်။ သူတို့ကို အနိုင်ယူဖို့ အချိန်တစ်ခု ယူခဲ့၇တယ်။ ဒါကနေ သင်ယူဖို့ လိုပါတယ်။ အချို့သော ကစားသမားတွေက ဒီပွဲကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သင်ယူဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲက သူတို့အတွက် အရမ်းကို အဓိပ္ပာယ်ပါတဲ့ ပွဲတစ်ပွဲဖြစ်နေလို့ပါ။

ဒါပေမယ့်လို့ ကျနော် လီဗာပူးကို ရောက်လာပြီးတည်းက ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားခဲ့တာ အခုဆိုရင် ၁၃ ကြိမ် ရှိနေပါပြီ။ ကျနော်တို့ သင်ယူဖို့ဆို လုံလောက်တဲ့ အချိန်လည်း ရှိခဲ့ပြီ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ ရမှတ် တစ်မှတ်မှ မပေးဖို့ လိုအပ်ကြောင်းကိုလည်း ကလော့ပ်က ” နှစ်သင်းလုံးအတွက် မယုံနိုင်လောက်အောင် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ရေးနဲ့ အဲ့ထက်ပိုတဲ့ ရည်ရွယ်ချက်တွေအတွက် တိုက်ခိုက်နေရတာပါ။

အခုချိန်မှာ ယူနိုက်တက်က သူတို့ရဲ့ စွမ်းဆောင်ရည်အတွက် မပျော်ဘူးဆိုပေမယ့် ဒီပွဲရလဒ်၊ အခြားပွဲတွေရဲ့ ရလဒ်တွေက သူတို့ကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လမ်းဖွင့်ပေးပါလိမ့်မယ်။ သူတို့က ဒီပွဲကို အားထုတ် ယှဉ်ပြိုင်လာမှာပါ။

ယူနိုက်တက်က လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရလိုတယ်ဆိုရင် ကျနော်တို့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ ရမှတ်တွေ မပါဘဲ လုပ်နိုင်ရမှာပါ။ အခုကစပြီး ပြင်းထန်တဲ့ မိနစ် ၉၀ ကို ကစားရမှာဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။