လက်ရှိ လီဗာပူးကြယ်ပွင့်တွေရဲ့ အစက သူ့အသင်းတွေကလို့ ဂုဏ်ယူနေတဲ့ ရန်းနစ်

ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက် ပွဲကြိုမှာ မန်ချက်စတာကလပ်ရဲ့ ယာယီနည်းပြ ရန်းနစ်က လက်ရှိ လီဗာပူးအသင်း လူစာရင်းမှာ သူ့ကစားသမားတွေ အများကြီး ရှိနေတဲ့ အချက်ကို ထုတ်နုတ် ပြောဆိုခဲ့တယ်။

ဖိအားပေး ကစားဟန်ရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ကလော့ပ်ကိုယ်တိုင်က မှတ်ချက်ပေးခဲ့ရတဲ့ ရန်းနစ်ဟာ ဘွန်ဒက်လီဂါမှာတော့ ကလပ်ပေါင်း များစွာကို ကိုင်တွယ်ခဲ့သူဖြစ်တယ်။ သူဟာ ကိတ်တာကို သားတစ်ယောက်လို ဆက်ဆံခဲ့သလို လက်ရှိ လီဗာပူးအသင်းမှ ကစားသမားများစွာဟာ သူ့ရဲ့ အသင်းဟောင်းတွေကနေ မာဆေးဆိုဒ်ကလပ်ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ကစားသမားအဖြစ် မာနေး၊ ဖာမင်နို၊ မာတစ်၊ ကိတ်တာတို့ဟာ ရန်းနစ်ရဲ့ အသင်းဟောင်းတွေကနေ လီဗာပူးအသင်းထံ ရောက်လာခဲ့တာဖြစ်တယ်။ ဒါ့အပြင် ကိုနတေး၊ မီနာမီနိုတို့ကလည်း ရန်းနစ် အားကစား ဒါရိုက်တာအဖြစ် အလုပ်လုပ်တဲ့ ရတ်ဘူးအဖွဲ့ကနေ ပေါ်ထွက်လာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်က “ သူတို့က ကောင်းပါတယ်၊ သူတို့က အရမ်ကို ကောင်းပါတယ်။ သူတို့တွေ အဲ့လောက်တောင် ကောင်းနေတာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ယာဂင်က ဒီအသင်းကိုရဖို့ ကုန်ခဲ့တဲ့ ၆ နှစ်နဲ့ ၆ နှစ်ခွဲလုံး တည်ဆောက်လာခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းက ကစားသမား ၆ ဦး၊ ၇ ဦးလောက်ဟာဆိုရင် သူတို့ကို ဘယ်သူဆိုတာ ဘယ်သူမှ မသိခင်တည်းက ကျနော်နဲ့ ကျနော်အသင်းတို့ လက်မှတ်ထိုး ခေါ်ယူခဲ့ဖူးတဲ့ ကစားသမားတွေဖြစ်ကြပါတယ်။

ထပ်ပြီး ပြောရရင် ဒါက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျနော်ရဲ့ အသင်းဟောင်းတွေထံက ကစားသမားတွေ အများကြီးကို ခေါ်ယူထားတာက သူတို့ဟာ တူညီတဲ့ ချဉ်းကပ်ပုံ၊ တူညီတဲ့ ကစားဟန်နဲ့ တူညီတဲ့ နည်လမ်းတွေကို ကစားလိုခြင်းကြောင့်ပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဆင့် ၄ ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ ယူနိုက်တက် အသင်းသားတွေကို ဦးဆောင်ပြီး အန်ဖီးကွင်းထံ လာရောက်မှာဖြစ်တယ်။ ၎င်းတို့ဟာ ဖိအားပေး ကစားဟန်ကို ကျင့်သုံးဖွယ်ရှိကာ ဘယ်လိုပဲဖြစ်နေပါစေ အနိုင်သုံးမှတ်အတွက် လီဗာပူးဘက်က ဧည့်သည်အသင်းကို သက်ညှာပေးလို့ မရတော့တာပဲ ဖြစ်ပါတယ်။