ကစားသမား (၅) ဦး မပါနိုင်ကြောင်းနဲ့ လီဗာပူးကို အနိုင်သုံးမှတ် ယူနိုင်တယ်လို့ ရန်းနစ် ဆို

ယူနိုက်တက်နည်းပြ ရန်းနစ်က သူ့အသင်းဟာ အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် လီဗာပူးကို အနိုင်ယူနိုင်စွမ်း ရှိပါကြောင်း ထုတ်ပြောလာပါတယ်။

ယူနိုက်တက်ဟာ တန်းဆင်းဇုန်ကလပ် နောဝစ်ချ်အသင်းကို ၃-၂ နဲ့ အနိုင်ရလိုက်ခြင်းအတွက်ကော အာဆင်နယ်နဲ့ စပါးတို့ အရေးနိမ့်ခြင်းကြောင့်ပါ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်က ပြန်ပြီး လမ်းပွင့်လာခဲ့တာပါ။ ဒါကြောင့်လည်း လီဗာပူးကို အနိုင်ကစားရေးက သူတို့အသင်းရဲ့ ရည်မှန်းချက်ပါလို့ ဆိုလာခဲ့တယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်က “ ကျနော်တို့ အပေါ်ပဲ မူတည်ပါတယ်။ မနက်ဖြန်မှာ အဲ့ကို ခရီးထွက်မျာဖြစ်ပြီး သုံးမှတ်ရဖို့ ကြိုးစားမှာပါ။ ဒါကပဲ ကျနော်တို့ လုပ်မယ့်ကိစ္စ အားလုံးဖြစ်ပါတယ်။ သူတို့ရဲ့ အခြေအနေက ဘာဆိုတာနဲ့ မဆိုင်ပါဘူး။ ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။

ပြီခဲ့တဲ့ အပတ်က ရလဒ်အရ ကျနော်တို့ဟာ အဆင့် ၄ နေရာ ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ပြီး ယှဉ်ပြိုင်နိုင်အောင်က ပွဲတိုင်းကို အနိုင်ရလုနီးပါး ရလဒ်မျိုး ထွက်ပေါ်ဖို့ လိုပါတယ်။ မနက်ဖြန်မှာ ပွဲပွဲတွေ စတင်ပါမယ်။

လူအများကြီးက ကျနော်တို့ကို ရေပန်းစားအသင်းလို့ မထင်ကြပေမယ့်လို့ ကိုယ်ရဲ့ အဆင့်အတန်းကို မြင့်တင်နိုင်ရင် ကျနော်တို့က ဘယ်လို အနေအထားထိ ရောက်နိုင်လဲဆိုတာ သိနားလည်နေဆဲပါ။ ကျနော်တို့တွေ အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် အနိုင်သုံးမှတ်ရဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။ ဒါကပဲ ကျနော်တို့ ရည်မှန်းချက်ဖြစ်သလို မနက်ဖြန်အတွက် ပန်းတိုင်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပထမအကျော့အဖြစ် အောက်တိုဘာမှာ နှစ်သင်း ထိပ်တိုက်တွေ့စဉ်က လီဗာပူးအသင်းဟာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ ဒါပေမယ့်လို့ ဂိုးဘယ်လောက်ပဲ များပါစေ ရမှတ်က ၃ မှတ်ပဲဖြစ်လို့ ဒီတစ်ကြိမ်မှာလည်း အနိုင်သုံးမှတ် ရရေးကို လီဗာပူးဘက်က အာရုံစိုက်လာမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဗာရန်း၊ ကာဗာနီ၊ လုရှော၊ ဖရတ်နဲ့ တော်မီနေးတို့ ပါနိုင်မှာ မဟုတ်ဘူးလို့ သိရတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ဒီပွဲမတိုင်ခင် ယာဉ်တိုက်မှု ဖြစ်ခဲ့ပေမယ့် ဘေးကင်းတဲ့ အခြေအနေဖြစ်ကြောင်း ရန်းနစ်က ပြောပြခဲ့တယ်။

“ ဗာရန်းက အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်ပါဘူး။ သူက ကျနော်တို့ရဲ့ ပြန်လည်ထူထောင်ရေး နည်းပြနဲ့ ရှိနေပါတယ်။ ကျနော်တို့မှာ အခြားသော ဒဏ်ရာရ ကစားသမားတွေလည်း ရှိနေပါတယ် ” လို့ ရန်းနစ်က ဆက်ပြောခဲ့တာပဲ ဖြစ်ပါတယ်။