လီဗာပူး စောင့်ကြည့်နေတဲ့ ပေါ်တို ကစားသမားဆိုတာ ၂၂ နှစ်သား ကွင်းလယ်လူပါလို့ ပေါ်တူဂီ သတင်းဌာနတွေ ဖော်ထုတ်

၂၀၂၀ မတိုင်ခင်မှာ လီဗာပူးအသင်း သမိုင်းမှာ ပေါ်တိုအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ တစ်ကြိမ်ပဲ လုပ်ခဲ့ပေမယ့်လို့ ၂၀၂၀ နောက်ပိုင်းမှာတော့ အင်္ဂလန်ကလပ်နဲ့ ပေါ်တူဂီကလပ်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာပါတယ်။

လီဗာပူးအသင်းက အငှားချပေးထားတဲ့ ဂရုဂျစ်ကို ပေါ်တိုအသင်းထံ သက်သာတဲ့ ဈေးနှုန်းတစ်ရပ်ဖြင့် ရောင်းချပေးခဲ့သလို ဒီယက်စ်ကိုလည်း အင်္ဂလန်ပြိုင်ဘက်တွေ လက်ထဲကနေ အခွင့်ထူးခံ ပုံစံတစ်ရပ်ဖြင့် ပြန်လည် ကမ်းလှမ်းခွင့်ရခဲ့တယ်။ ဒါ့အပြင် ကလပ် နှစ်သင်းကြားမှာ နောက်ထပ် ဆွေးနွေးညိနှိုင်းကြမယ့် အပြောင်းအရွှေ့ ကိစ္စတွေက ရှိနေပါသေးတယ်။

ဒီနှစ်တွေမှာ ကလပ်နှစ်သင်းကြား ဆက်ဆံရေး ကောင်းမွန်လာခြင်းက လက်ထာက်နည်းပြ ပပ်လင်ဒါးနဲ့ ပထမအသင်းဆိုင်ရာ တိုးတက်ရေးနည်းပြ ဗစ်တာ မာတိုစ့်တို့လို ပေါ်တိုနည်းပြဟောင်းတွေ လီဗာပူးအသင်း နည်းပြအဖွဲ့မှာ ရှိနေခြင်းကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်စ်ကို ခေါ်ယူပြီး နောက်ပိုင်းမှာလည်း ပေါ်တိုအသင်း ပွဲစဉ်တွေကို ဆက်လက် ကင်းထောက်နေတာကြောင့် နောက်ထပ် ဘယ်သူ့ကို စိတ်ဝင်စားနေသလဲ ဆိုတာက မေးခွန်း ဖြစ်လာတယ်။ ပေါ်တူဂီသတင်းဌာန O Jogo ရဲ့ ထုတ်ဖော်မှုအရတော့ လီဗာပူးက ၂၂ နှစ်သား ကွင်းလယ်လူ ဗစ်တင်ညာကို စိတ်ဝင်စားနေတာလို့ သိရတယ်။

မနှစ်ကရာသီ ဝုဗ်မှာ အငှားလာကစားခဲ့တဲ့ ပေါ်တူဂီသား ကွင်းလယ်လူဟာ ဒီရာသီမှာတော့ ပေါ်တိုနဲ့အတူ ပိုမို တိုးတက်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်ပါတယ်။ မီလ်နာ ထွက်ခွာမှာဖြစ်သလို ချိန်ဘာလိန်နဲ့ ကိတ်တာ အနာဂတ် မသေချာတော့ခြင်းတွေမှာ လီဗာပူးက ကွင်းလယ်အတွက် လူသစ် ရှာဖွေနေဆဲဖြစ်တယ်။

ဗစ်တင်ညာအပေါ် လီဗာပူးရဲ့ စိတ်ဝင်စားမှုက ဘယ်လောက်ထိ အားကောင်းမယ်ဆိုတာ ဒီအချိန်မှာ မသိနိုင်သေးပေမယ့်လို့ သူ့ကကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ လောက် ကျသင့်သွားမှာ ဖြစ်ပါတယ်။