ဘာစီလိုနာက ဇာဗီကို ခေါ်ယူပြီး ဘာကာ DNA အသက်သွင်းပုံမျိုး လုပ်ပြလိုနေတဲ့ စတီဗင် ဂျရတ်

ဘာစီလိုနာ နည်းပြအဖြစ် ဇာဗီ အကောင်းဆုံး လုပ်ပြနေခြင်းဟာ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကို စိတ်လှုပ်ရှားမှုတွေ ဖြစ်နေစေပါတယ်။

ဒီနှစ်တွေမှာ ကျဆင်းမှုတွေ ရှိနေတဲ့ ဘာစီလိုနာဟာ ဇာဗီ လက်ထက်မှာတော့ သူတို့ရဲ့ ပုံစံတွေကို ပြန်လည် ဖော်ဆောင်လာနေကာ တည်ငြိမ်မှုတွေ ပြန်ရလာနေခဲ့ပါပြီ။ လီဗာပူးနဲ့ ဘာစီလိုနာ ဂန္တဝင်ပွဲမှာပဲ Barca TV နဲ့ အင်တာဗျူးမှုအတွင်း ဂျရတ်က ဇာဗီကို အံ့သြ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

” ဇာဗီကို နည်းပြအဖြစ် ခန့်အပ်လိုက်တာက ဘာစီလိုနာတို့ သိပ်ကောင်းတဲ့ ကိစ္စကြီးကို လုပ်လိုက်တာပါပဲ။ အသွေးအသားထဲမှာ ဘာစီလိုနာ DNA ရှိနေသူကို တာဝန်ပေးခဲ့တယ်။ သူက နှစ်ပေါင်းများစွာ ကမ္ဘာအဆင့် ကစားသမားအဖြစ် ကစားခဲ့သူဖြစ်တယ်။ လူတိုင်း မြင်လိုတဲ့ ဘာစီလိုနာရဲ့ စတိုင်ကို သူကောင်းကောင်းသိပါတယ်။

ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်အပြီးမှာ ဘာစီလိုနာက သူတို့ ရောက်ရမယ့် အနေအထားကို ပြန်ရောက်လာပါပြီ ” လို့ Barca TV အတွက် အင်တာဗျူးမှာ ဂျရတ်က ပြောဆိုပါတယ်။

” ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရာမှာ ရလဒ်ကြီးတစ်ခု ရလိုက်တာပါပဲ။ သူတို့ ပြန်လာတာကို မြင်ရတာက သိပ်ကောင်းပါတယ်။ နည်းပြတစ်ယောက်အဖြစ် ကျနော်ကလည်း သင်ယူလို့ ရနိုင်တဲ့ သူတွေ အားလုံးထံက သင်ယူနေပါတယ်။ မီဒီယာတွေက ဇာဗီအကြောင်းကို အမြဲ ဖော်ပြနေတယ်ဆိုတာက သူက ကမ္ဘာအဆင့် ကစားသမားတစ်ဦး ဖြစ်ခဲ့လို့ပါ ” လို့ ဂျရတ်က ပြောဆိုခဲ့တယ်။

ဂျရတ်နဲ့ ဇာဗီတို့ဟာ ထိပ်တန်း ကွင်းလယ်လူတွေအဖြစ် တောက်ပခဲ့ပြီး နည်းပြဘဝ ကနဦး ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရတာပါ။ နှစ်ဦးလုံးဟာ ငယ်မွေးခြံပေါက် ကလပ်တွေအတွက် အားထုတ် လုပ်ပြလိုစိတ်တွေ ပြင်းထန်ကြသူတွေ ဖြစ်ပါတယ်။

” ဇာဗီက ကစားသမားတစ်ယောက် အနေနဲ့ ကျနော် လေးစားရသူဖြစ်သလို နည်းပြတစ်ယောက်အဖြစ်လည်း စောင့်ကြည့်ရသူပါ။ သူ့ရဲ့ ခရီးလမ်းက ကျနော်နဲ့ ဆင်တူပါတယ်။ ငယ်ရွယ်တယ်၊ အသစ် အသစ်တွေကို စိန်ခေါ်ရတယ်။ နေ့တိုင်းမှာ ကျနော်လိုပဲ ဇာဗီလည်း သင်ယူနေပါလိမ့်မယ်။

ကျနော် အနေနဲ့ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကံကောင်းဖို့ မက်ဆေ့စကား ပေးလိုတယ်။ သူ ကြီးကြီးမားမား အေင်မြင်ဖို့ ဆုတောင်းသလို နှစ်တွေအကြာကြီး ဘာစီလိုနာကို ကိုင်တွယ်နိုင်တာကို မြင်လိုပါတယ် ” လို့ ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။