နယ်သာလန် နည်းစနစ်နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေတဲ့ ဗန်ဒိုက်နဲ့ ဗန်ဟား

နယ်သာလန်အသင်း လက်ရှိ ကစားနေတဲ့ နည်းစနစ်ကို ဗန်ဒိုက်က သိပ်သဘောမကျကြောင်း ထုတ်ပြောမှုကို လက်ရွေးစင်နည်းပြက သူ့ရဲ့ စနစ်ကို ပြင်မှာ မဟုတ်ကြောင်း တုန့်ပြန်လာခဲ့ပါတယ်။

ဖရန့် ဒီဘိုဝါး လက်ကနေ နယ်သာလန်အသင်းကို လွဲယူခဲ့တဲ့ ဗန်ဟားဟာ ဒိန်းမတ်နဲ့ပွဲမှာ စနစ်သစ်ကို ပြောင်းကစားခဲ့တာဖြစ်တယ်။ ယခင်ပွဲတွေမှာ ၄ ယောက်တန်း ခံစစ်ကစားပေမယ့် ဒိန်းမတ်ပွဲမှာတော့ ဗန်ဒိုက်၊ အကီနဲ့ ဒီလစ်တို့ သုံးဦးကို တွဲဘက်ပေးခဲ့ကာ ဗန်ဒိုက်ကို ဗဟိုနေရာကနေ တာဝန်ယူစေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာဖလား ဝင်ခွင့်ကို အောင်မြင်ထားတဲ့ နယ်သာလန်ဟာ ဗန်ဟား လက်ထက် အထင်ကြီးစရာ ရလဒ်တွေ ရနေခဲ့စဉ်မှာ ဝါရင့် နည်းပြကြီးက သူ့အကြိုက် ၃ ယောက်တန်း နည်းစနစ်ကို စတင် အကောင်အထည်ဖော်ဖို့ ကြံရွယ်လာခဲ့တာပါ။ ဒါကို ဗန်ဒိုက်ကတော့ သိပ် သဘောမတွေ့လှပါဘူး။

ဗန်ဒိုက်က ” ဒီနည်းစနစ်ကို ကျနော် ကြိုက်လားဆိုရင်။ ကျနော်ကတော့ ၄-၃-၃ ကိုပဲ ပိုပြီး အားသန်တာပေါ့ ဒါပေမယ့် ကျနော်က လက်ရွေးစင်အသင်း နည်းပြ မဟုတ်ပါဘူး။ နည်းပြက သူ့ရဲ့ စနစ်အပေါ်မှာ အားကောင်းတဲ့ အမြင် ရှိနေပါတယ် ” လို့ ဒိန်းမတ်ကို ၄-၂ နဲ့ အနိုင်ရအပြီးမှာ ပြောဆိုခဲ့တယ်။

ဗန်ဒိုက်က နယ်သာလန်ရဲ့ လက်ရှိ နည်းစနစ်ကို သဘောမကျကြောင်း ပြောဆိုမှုအတွက် ဗန်ဟားကတော့ ” သူက ၄-၃-၃ ကို ပိုအားသန်တာ ကျနော် သိပါတယ်။ ဒါကိုလည်း သူက အမြဲတမ်း ထုတ်ပြောလေ့ ရှိပါတယ်။ အသင်းကို ကျနော် ရောက်လာတည်းက ဒီအကြောင်းကို ဆွေးနွေးထားပြီးပါပြီ။ နည်းစနစ်ကို မန်နေ၈ျာက ဆုံးဖြတ်ရပါမယ် ” လို့ တုန့်ပြန် ပြောဆိုခဲ့တာဖြစ်တယ်။

ဗန်ဟားက နယ်သာလန်အသင်းထံ ၃-၄-၁-၂ စနစ် ပြန်လည် ထည့်သွင်းနေတာဖြစ်ပြီး ဒါဟာ နယ်သာလန်အသင်း အမြဲတမ်း ကစားမယ့် နည်းစနစ်ဖြစ်လာမယ်ဆိုရင် အသင်းခေါင်းဆောင်နဲ့ နည်းပြကြား အမြင်ကွဲမှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။