ချယ်ဆီး အသင်းကို ဝယ်ဖြစ်ဖို့ ရာနှုန်း ၉၀% သေချာနေပြီ လို့ တူရကီ သူဌေး ဘားရတ် ထုတ်ပြော

တူရကီဖွား စီးပွားရေး လုပ်ငန်းရှင် မာဆင် ဘားရတ်ကတော့ ၎င်းက ချယ်ဆီးကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ပြီးသလို အရောင်းအဝယ် ဖြစ်လာဖို့လည်း ၉၀% သေချာနေပြီလို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဘားရတ်ဟာ ပေါင် ၈ ဘီလီယံလောက် ချမ်းသာတယ်လို့ သိရပြီး ချယ်ဆီးကို အေဗရာမိုဗစ်ချ် ထံကနေ ဝယ်ယူနိုင်ဖို့ ယုံကြည်မှုလည်း ရှိနေပါတယ်။ ဘားရတ်ဟာ AB Group Holding ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

ဘားရတ် က ” ကျနော် ချယ်ဆီးကို ဝယ်ယူဖို့ အခြေအနေကို အတိအကျကြီး မပြောပြနိုင်ပါဘူး။ ဒီ အဝယ်ကိစ္စကို အဆင်ပြေပြေ ဖြစ်အောင် စီမံရဦးမယ်၊ ကျနော်တို့ လက်လွှတ်ရချင်လည်း လွှတ်ရမှာပေါ့။

တူရကီ က ကမ်းလှမ်းမှု ဆိုရင် လက်မခံချင်တဲ့ နိုင်ငံတွေကလည်း ရှိတယ်လေ။ ဒီတော့ လျှို့ဝှက်ချက်ကြီး အနေနဲ့ပဲ ထားရအောင်ပါ။ ကြာသပတေးနေ့ မတိုင်ခင် တခြား ဘယ်ကမ်းလှမ်းမှုတွေ ရဦးမလဲ ဆိုတာ နားစွင့်ရအောင်ပါ။

ကျနော်တို့ ဆွေးနွေးမှုကတော့ ရေရာတဲ့ အနေထား တစ်ခုမှာ ရှိပါတယ်။ ကျနော်တို့ ဥပဒေနဲ့ ဘဏ္ဍာရေး ဌာနက သူတို့နဲ့ လန်ဒန်မှာ ကြာသပတေးနေ့ကျ ဆွေးနွေးမှာ ဖြစ်တယ်။ လောလောဆယ်ထိကတော့ ဒီလိုပဲ သိထားပေးပါ။

ပြောဆိုဆွေးနွေးမှုတွေကနေ အလုပ်ဖြစ်လာမလား ကြည့်ရမှာပေါ့။ လောလောဆယ် အထိရ ကျနော်တို့က အရောင်းအဝယ် ဖြစ်မြောက်အောင် လုပ်ဖို့ ၉၀% လောက် အခြေအနေ ကောင်းပါတယ်။ အေဗရာမိုဗစ်ချ်ကလည်း အဲဒီလိုပဲ မြင်တယ်။ ” လို့ Oda TV နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။