ပိုင်ရှင်သစ် ပြောင်းသွားရင် ချယ်ဆီး အရင်လို အောင်မြင်မှုတွေ ထိန်းဖို့ မလွယ်ဘူးလို့ ကာရေဂါ သတိပေး

ချယ်ဆီးအသင်းဟာ ပိုင်ရှင်သစ် ပြောင်းလဲသွားရင် ရိုမန် အေဘရာမိုဗစ် လက်အောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ လီဗာပူး ကစားသမားဟောင်းကြီး ဂျေမီကာရေဂါက သတိပေး လိုက်ပါတယ်။

ကြွယ်ဝတဲ့ ဘီလျံနာ များစွာက ဥရောပချန်ပီယံအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အေဘရာမိုဗစ် မရှိတဲ့ နောက်မှာ ချယ်ဆီး အရင်လို မဖြစ်နိုင်လောက်ဘူးလို့ ကာရေဂါက ယုံကြည်နေပါတယ်။

“ ရိုမန်ရဲ့ နေရာကို ဆက်ခံပြီး ချယ်ဆီးအသင်းကို ဝယ်ယူမယ့်သူဟာ အရင်က သူတို့ရခဲ့တဲ့ အောင်မြင်မှုတွေကို ပြန် လိုက်လုပ်ပြနိုင်ဖို့ သိပ်ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

အေဘရာမိုဗစ်လိုမျိုး ငွေကြေးအင်အား စိုက်ထုတ် ပေးချင်တဲ့သူကို တွေနိုင်ပေမယ့် ချယ်ဆီးဆီကနေ ရသလောက်ပဲ ယူဖို့ ပြင်ဆင်ထားတဲ့ အသင်းပိုင်ရှင် တစ်ယောက်ကို ရခဲ့ရင် အဲ့ဒါက ဆုံးရှုံးမှုပဲ။

သူတို့ဟာ နှစ်များစွာအတွင်း နည်းပြတွေ အပြောင်းအလဲ လုပ်ခဲ့တယ်၊ ဘယ် ညာ ဗဟိုနေရာမှာ ကစားသမားတွေ ဝယ်ယူခဲ့တယ်၊ ကစားသမားတွေအတွက် ပိုက်ဆံတွေ အများကြီး သုံးခဲ့တယ်၊ ဒါပေမယ့် သူတို့က ပိုက်ဆံတွေအများကြီး ပြန်ထုတ်ပေးနိုင်တဲ့ ကလပ်မျိုး မဟုတ်ပါဘူး။

ယူနိုက်တက်နဲ့ လီဗာပူးတို့လိုမျိုး ချယ်ဆီးမှာ ကြီးမားတဲ့ အိမ်ကွင်းမျိုး မရှိခဲ့ဘူး။ စပါးနဲ့ အာဆင်နယ်တို့က ငွေလည်း ရှာနိုင်တယ်၊ လိုအပ်လာရင် အကြွေးတွေ ရှင်းပေးမယ့် ပိုင်ရှင်တွေလည်း ရှိနေတယ် ” လို့ ကာရေဂါက ပြောပါတယ်။

“ ချယ်ဆီးကို ဝယ်ယူတဲ့သူက ဘယ်လောက်ပဲ ချမ်းသာပါစေ၊ သူတို့က အဲ့ဒါကို ရင်းနှီးမြုပ်နှံမှု တစ်ခုထက်ပိုပြီး မမြင်ပါဘူး။ အဲ့လို မဟုတ်တဲ့ အသင်းဆိုလို့ မန်စီးတီးနဲ့ အခု နယူးကာဆယ်ပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့အသင်းပိုင်ရှင်တွေအတွက် ပိုက်ဆံဆိုတာ သိပ်ပြီး ပူပန်စရာမလိုတဲ့ အရာမို့လို့ပါ။

ချယ်ဆီးမှာ ရိုမန်အေဘရာမိုဗစ်လို ပိုင်ရှင်တစ်ယောက် ရှိခဲ့တယ်။ အဲ့ဒီ့လို ပိုင်ရှင်မျိုး ထပ်ရဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့်ပဲ နောက်ဆုံး နှစ် ၂၀ ကျော်အတွင်း သူတို့ရခဲ့တဲ့ အဆင့်အတန်းတွေကို ပြန်လည်လိုက်မီဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်နေတာပါပဲ ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။