အေဗရာမိုဗစ်ချ် ရဲ့ ချယ်ဆီးကို ရောင်းချရေးမှာ အဓိက အတားအဆီး ဖြစ်လာတဲ့ စတန်းဖို့ဘရစ်ချ်

ချယ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ကအသင်းကို ရောင်းချတော့မယ်လို့ ကြေငြာလိုက်ပြီးတဲ့နောက် ကလပ်အသင်းကို ဝယ်ယူဖို့ ဝယ်လက် ၁၀ ဦး/ အဖွဲ့ လောက်က စိတ်ဝင်စား မေးမြန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ချယ်ဆီး အသင်းကို ရောင်းချရေးမှာ စတန်းဖို့ဘရစ်ချ် ကွင်းကြီးက အဓိက အတားဆီး ဖြစ်နေပြီး အခုထိ အဆင်မပြေနိုင်သေးပါဘူး။

လုပ်ငန်းရှင်တွေ တော်တော်များများက ချယ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ် ကွင်းကို ခေါင်းခဲစရာ အဖြစ်သာ ရှုမြင်နေကြကြောင်း တယ်လီဂရပ်ဖ် သတင်းက ဆိုပါတယ်။ ထိုကွင်းဟာ ပရိသတ် ၄၁၈၃၇ ဦးရေသာ ဆံ့တာ ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး ကလပ် အသင်းတွေထဲ ပါဝင်တဲ့ ချယ်ဆီး အဆင့် အတန်းနဲ့ ဆိုရင် သေးငယ်နေပါတယ်။

စတန်းဖို့ဘရစ်ချ် ကွင်းကို ပြင်ဆင်ဖို့ ဒါမှမဟုတ် နေရာသစ်မှာ ကွင်းသစ်ဆောက်ဖို့ အစီအစဉ်တွေ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၁၈ မှာ အားလုံး ရပ်ထားခဲ့ရပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းကို ဝယ်ယူမယ့်သူ ပေါ်လာရင် ပိုင်ရှင်သစ်ဟာ ကွင်းသစ် ပြန်ဆောက်ဖို့တင် ၁ ဘီလီယံလောက် သုံးရဦးမှာ ဖြစ်ပါတယ်။

ရိုမန် အေဗရာမိုဗစ်ချ်ကလည်း ပေါင် ၃ ဘီလီယံလောက်နဲ့ အသင်းကို ရောင်းချချင်နေတာပါ။ ပိုင်ရှင်သစ်ဟာ ရိုမန် တောင်းဆိုတဲ့ အသင်း တန်ကြေး အပြင် ကွင်းပြင်စရိတ်ပါ ထပ်တိုး ကျခံရဦးမှာ ဖြစ်လို့ ဆွေးနွေးမှုတွေမှာ ကြံ့ကြာနေပါတယ်။

ချယ်ဆီးကို ဝယ်ယူဖို့ ဆွစ်ဘီလျံနာ ဟန်းစ်ဂျော့ ဝစ်နဲ့ အမေရိကန် ရင်းနှီးမြုပ်နှံသူ တော့ဒ်ဘိုးလီတို့ဟာ အကျိူးတူ ပူးပေါင်းပြီး ကမ်းလှမ်းမှု လုပ်ဖို့ပြင်ဆင်နေသလို တူရကီ စီးပွားရေး လုပ်ငန်းရှင် မူဆင် ဘားရတ် ကလည်း ကမ်းလှမ်းမှု လုပ်ထားတယ်လို့ ဗြိတိန်သတင်းတွေက ဆိုထားပါတယ်။

ဘားရတ်ကတော့ ချယ်ဆီးနဲ့ သဘောတူညီမှု ရနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ နည်းပြ တူချယ်ကတော့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ရင်တောင် သူ့ရဲ့ ကလပ်နဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေက ပြောင်းလဲမှာ မဟုတ်ဘဲ အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။